ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။
“ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀ တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ” ဟု ၀ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမှ အရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ထို့အပြင် ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယ စစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့် တာ့အိုက်လွန်းတို့ဖြစ်သည်။
ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေး ပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်း ရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ရ၇၂၊ ရ၇၅၊ ရ၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။
တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ်သော မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူး အဖြစ် ရာထူးပြောင်းပြီးနောက် ၎င်းနေရာတွင် ပေါက်ယူချမ်း၏တူတော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
တာ့ပန်းသည် ၂၀၀၅ ခုနှစ်က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရပြီး ရခိုင်ပြည်နယ် အကျဉ်းထောင်မှ ယခုနှစ်ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူဖြစ်သည်။