သျှမ်းအဖွဲ့အစည်းအားလုံး စုစည်းမှုစစ်တမ်း ၈၀% ကျော် သဘောတူညီမှုရ

သျှမ်းအဖွဲ့အစည်းအားလုံး စုစည်းမှုစစ်တမ်း ၈၀% ကျော် သဘောတူညီမှုရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပါတီအချင်းချင်းနှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းတို့ ပူးပေါင်းကြစေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သဘောတူညီမှု ၈၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။

 NVS facebook)

“ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အဖြေကကွက်တိထွက်လာတာ တော်တော်အံ့ဩစရာကောင်းပါတယ်။ ဒီအတွက်ရလဒ် က စည်းလုံးညီညွတ်မှုအတွက် အုဋ်မြစ်ချနိုင်လိမ့်မယ်လို့မျှော်လင့်တယ်ဗျာ။ ပူးပေါင်းမှုကို လိုလားတဲ့အကြောင်း စစ်တမ်း ဆင်းကောက်တဲ့ကာလကတည်းက လူထုက ပြောကြတယ်။ နောက်တခု စစ်တမ်းထဲကအဖြေနဲ့ ဆွေးနွေးပွဲတက်ရောက် သူတွေရဲ့အဖြေတွေက လုံးဝ တူနေတာတွေ့ရတယ်” ဟု စစ်တမ်းကူညီကောက်ပေးသူ လူငယ်  တဦးက ပြောသည်။

အဆိုပါစစ်တမ်းတွင် မေးခွန်း အချက် ၅၀ ပါဝင်ခဲ့သလို မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၉ မြို့နယ်မှ စစ်တမ်းများအရ ဖြေကြားသူပေါင်း ၂၅၅၀ ဦးရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်မှ ၁၉ ဦး စုစုပေါင်း ဖြေဆိုသူ ၂၅၆၉ ဦးရှိခဲ့သည်။

စစ်တမ်းတွင် (၁) နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ (၂) သျှမ်းလက်နက်ကိုင်အဖွဲ့များ၏အခန်းကဏ္ဍ (၃)လူထုအခြေပြုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ (၄)မူးယစ်ဆေးဝါး (၅) သျှမ်းတိုင်းရင်းသားများ ဆက်လက်ရပ် တည်သွားနိုင်ရန် (၆) သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဟူသည့်ခေါင်းစဉ်ကြီးများအောက်၌ မေးခွန်းပေါင်း ၅၀ ကိုမေးမြန်းထားခြင်းဖြစ်သည်။

ယင်းမေးခွန်းများအနက် လူထုစိတ်ဝင်စားမှုအရှိဆုံး အဖြေမှာ-(၁)  ဖြစ်သင့်သည့်မြန်မာနိုင်ငံ၏ အနာဂတ်ဖွဲ့ စည်းပုံသည် - တပြည်ထောင် ၉ %၊ ဖက်ဒရယ် ၈၇ %၊ မဖြေ ၄% ၊ (၂) သျှမ်းပါတီသုံးခု ပြန်လည်ပူးပေါင်း ရေး မပူးပေါင်းရေးအတွက် - ပူးပေါင်းသင့် ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ၊ (၃) သျှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး တဖွဲ့တည်း အဖြစ် ပူးပေါင်းရန်သင့်မသင့် - ပူးပေါင်းသင့် ၈၈ % ၊ မပူးပေါင်းသင့် ၁% ၊ မဖြေ ၁၁%  ဟူ၍ဖြစ် ကြောင်း အဆိုပါလူငယ် က ဆက်လက်ပြောပြသည်။

ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်းများ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် “ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း”  အမည်ရ တွေ့ဆုံ ဆွေးနွေးမှုမှာ မြန်မာပြည်တွင်း၌ ယခုပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဒီတကြိမ် အောင်မြင် သွားလို့ နောက်တဆင့်အနေနဲ့ ရှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်း သားအားလုံးပါ ဝင်လာတဲ့ အဆင့်ဖြစ်အောင်ဆက်လုပ်သွား ဖို့ရှိတယ်။ အဓိကကတော့ ပြည်တွင်းပဋိပက္ခတွေ လျော့ကျဖို့   အားလုံးဝိုင်း ဝန်း လက်တွဲကြိုးပမ်းဖို့လိုအပ်တယ်” SNLD ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

အဆိုပါပွဲမျိုး များများရှိသင့်ကြောင်း၊ နောက်နောင်အကြိမ်များထပ်မံရှိပါက ကူညီထောက်ခံမှု ပေးသွား မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက ဆွေးနွေးပွဲ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။