UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဉက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ UWSA  ဝ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် ဌာနချုပ်သို့သွားရောက် လည်ပတ်မည်ဟု 'ဝ' ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အဝိုင်းအဝိုင်းကပြောသည်။

 ကြေးမုံ)

“ဒီဇင်ဘာ ၁ ရက်လို့ပြောတယ်။ အတိအကျလို့တော့ပြောလို့မရသေးဘူး။ ရက်နီးမှ ပြန်အကြောင်းကြား မယ် ပြောတယ်။ ဦးအောင်မင်းတို့ ကျနော်တို့ဆီကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဘဲ” ဟု  'ဝ' အကြီးအကဲ တဦးက ပြောသည်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် တကြိမ်နှင့် ပြည်ထောင်စုအဆင့် နှစ်ကြိမ် ဆွေးနွေးပြီးသည့် အဖွဲ့ဖြစ်သည်။ ဆွေးနွေးပွဲ သုံးကြိမ်စလုံးကို 'ဝ' အဖွဲ့နှင့်နီး စပ်သည်ဟု နာမည်ကြီးသည့် ဦးအောင်သောင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြည်နယ်အဆင့်နှင့် ပဏာမ အပစ်ရပ်ရေး၊ အောက်တိုဘာလ ၁ ရက်နေ့က ပြည်ထောင်စုအဆင့်နှင့်တွေ့ဆုံပွဲတွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည်တို့ ဆွေးနွေးခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ ဆုံမှုတွင် လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး တို့ကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအဆင့် တတိယအကြိမ် တွေ့ဆုံပါက သွင်းကုန်ထုတ်ကုန် နှင့်ပတ်သက်၍ ဆွေးနွေးရန်စီစဉ်ထား ကြောင်း ဝ အရာရှိအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောခဲ့ဖူးသည်။ သို့သော် ယင်းကိစ္စနှင့်  ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးနှင့် ယခုလလယ်ပိုင်းက တွေ့ဆုံစဉ် ကြိုးနီခတ်မှု လျော့ကျလာ သည်ကိုတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်စိုး နဲ့ ကျနော်တို့ ဝ အကြီးအကဲတွေဖြစ်တဲ့ ဒု ဥက္ကဌရှောက်မင်လျှံ၊ ကျောက်ကော်အန်း၊ လီဂျူးလျဲ့ ခေါ်  ဦးအောင်မြင့် ၊ ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်း တို့ တန့်ယန်းမှာတွေ့ဆုံ တုန်းက တိုင်းမှူးက ပြောတယ်။ ခုချိန်ကစပြီး ရိက္ခာသယ်ဖို့ကိစ္စ၊ ဘာဘာညာညာသယ်ဖို့ ကိစ္စတွေဆို ရင် သက်ဆိုင်ရာဌာန ဆီကိုဘဲ တိုက်ရိုက်ခွင့်ပြုချက်တောင်းပါ။

စစ်ရေးကိစ္စနဲ့ပတ်သက်လာရင်တော့ သူနဲ့တိုက်ရိုက်ဆိုင်တဲ့သဘော။ တိုင်းမှူး က လူကြီးလုံခြုံရေးအတွက်ဆို လက်နက်ကိုင်တပ်ဖွဲ့တွေကို လားရှိုးသို့ ဘာသို့ မြို့ကြီးတွေအထိ လဲ သွားလာလို့ ရတယ် ပြောတယ်။  ဆိုတော့ ဒီဟာကို ကြည့်ခြင်းအားဖြင့် ကြိုးနီခတ်မှု လျော့လာတယ်လို့ ပြောလို့ရ တယ်” -ဟု သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယခုတကြိမ် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ  ဦးအောင်မင်းနှင့် ၀ အဖွဲ့တို့ တွေ့ဆုံရာတွင် မည်သည့်အချက်အပေါ် အခြေခံ၍ဆွေးနွေးသွားမည်ကို သျှမ်းသံတော်ဆင့်မှစုံစမ်းနေ ဆဲဖြစ်သည်။