သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည့် သျှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို မြို့လယ်ကျွဲခတ်ကွင်း(အားကစားကွင်း)၌ မကျင်းပတော့ဘဲ တောင်ကြီးအသွားလမ်း မြို့ပြင် အမျိုးသား အားကစားကွင်းသို့ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ကျွဲခတ်ကွင်းမှာ မကျင်းပတော့ဘူး။ မြို့ပြင်အားကစားကွင်းမှာ ပွဲသွားလုပ်မယ်။ ဆဲမ်မီနာ(စာပေဟောပြောပွဲ) ကိုတော့ လေယာဉ်ကွင်းဘက်ရှိတဲ့ တိုင်းလိယဉ်ကျေးမှုခန်းမ မှာလုပ်မယ်။ ဆွမ်းကိုလဲ ဟိုခုံကျောင်းနဲ့ မိုင်းပြင်းကျောင်းမှာကပ်မယ်။ ၃ ရက်စလုံး အဲလိုအစီအစဉ်နဲ့သွားမယ်” - ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ကပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟို သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့် ကျိုင်းတုံ သျှမ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့တို့ စုပေါင်းဦးစီး၍ ကျင်းပမည့် သျှမ်းနှစ်သစ်ကူး အထူး ပွဲတော်ကို သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားသည်။
ပွဲတော်တက်ရောက်ရန် မြို့နယ်အသီးသီးမှ သျှမ်းစာပေယဉ်ကျေးမှုအသင်း များ ၊ မြို့နယ်တိုင်းမှ မြို့မိမြို့ဖ များ၊ ပြည်တွင်း ပြည်ပမှ စာပေယဉ်ကျေးမှုအရေးဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များ၊ သံဃာ့အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် သျှမ်းစာပေ ယဉ်ကျေးမှုအသင်းများကို ဖိတ်ကြားထားကြောင်းလည်း ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး စိုင်းလာ ကပြောသည်။
ထို့အပြင် “ကျနော်တို့ဆီက ၁၄ ရက်နေ့ ပွဲပြီးတာနဲ့ မိုင်းလားကဆက်ပြီးဖိတ်ထားတယ်။ မိုင်းလားက ၉ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ကျင်းပမှာ” ဟု စိုင်းလာကပြောသည်။
လာမည်နှစ်များအတွက် မည်သည့်နေရာတွင်ဆက်လက်ကျင်းပသွားမည်ကိုမူ ဗဟိုသျှမ်းစာပေယဉ်ကျေး မှုအသင်းမှ အစည်း အဝေးခေါ်ယူသွားမည်ဖြစ်ကြောင်းပြောသည်။
သျှမ်းသက္ကရာဇ် ၂၁၀၆ ခုနှစ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကုန်ဆုံးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်သည် ၂၁၀၇ သျှမ်း နှစ်သစ် သို့ကူးပြောင်းမည်ဖြစ်ပါသည်။ သျှမ်းပြည်တွင်းမြို့နယ်အသီးသီး၌ နှစ်သစ်ကူးပွဲ ကျင်းပသကဲ့သို့ ပြည်ပအသီးသီး ရောက် သျှမ်းမိသားစုများကလည်း သျှမ်းနှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်း ပခဲ့ကြသည်။