နိုင်ငံတကာ ကလေးပန်းချီ အနုပညာပြပွဲ ပထမဆုံးအကြိမ် နမ့်ခမ်းမြို့တွင် ကျင်းပ

နိုင်ငံတကာ ကလေးပန်းချီ အနုပညာပြပွဲ ပထမဆုံးအကြိမ် နမ့်ခမ်းမြို့တွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်ရှိဇေယျသုခ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ပထမဆုံး အကြိမ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲ ကို ယနေ့ မနက် ၉းဝဝ နာရီအချိန်က စတင်ဖွင့်လှစ် ကျင်းပခဲ့ ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

“ကျောင်းသားကျောင်းသူတွေ၊ ဆရာ/ဆရာမ၊ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ ပညာရေး မှူးရုံးဝန်ထမ်း တစ်ချို့ အားလုံးပေါင်း အယောက် ၂၀၀ နီးပါးလောက်ရှိကြတယ်၊ တိုင်းဧည့်ကြို အဖွဲ့ကနေ သျှမ်းရိုးရာ ကိန္နရာ တိုးနယား အက ဖျော်ဖြေတင်ဆက်ပြီး မန္တလေးမြို့က Dreamland Art အဖွဲ့ကလည်း တယောနဲ့ ဖျော်ဖြေတင် ဆက်ကြတယ်” ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းကပြောပြသည်။

ဖွင့်ပွဲ မိန့်ခွန်းကို ကျောင်းအုပ်ဆရာတော် အရှင်ဘဒ္ဒန္တဝိနယာစာရ အပါအဝင် ပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်း၊ ပြပွဲတာဝန်ခံ ပန်းချီဆရာ စိုင်းလောဝ်ခေး၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌစိုင်းထွန်းအေး၊ လက်ထောက် မြို့နယ်ပညာရေးမှူး တို့က ပြောကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးလည်း မိန့်ခွန်းပြောမည့် အစီအစဉ်တွင် ထည့်သွင်းထားသော်လည်း အခမ်းအနားသို့ တက်ရောက်ခြင်း မရှိကြောင်း စိုင်းခမ်းကဆိုသည်။

နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ယနေ့ အခမ်းအနားတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကမ္ဘောဒီးယား၊ ယူကရိန်း၊ ဥဇပေကစ္စတန်၊ ပိုလန်၊ မွန်ဂိုးရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒယ၊ ထိုင်ဝမ် စသောနိုင်ငံများမှ ကလေးလက်ရာ ပန်းချီကားများကို ပြသခဲ့ကြသည်။

ပန်းချီပြခန်းတွင် အာရှတိုက် ၁၃ နိုင်ငံမှ ကလေး များ၏ ပန်းချီကားပေါင်း ၅၀၀ ကျော် ကိုခင်းကျင်းပသ ခဲ့ကြောင်း၊ ပြပွဲသို့ တက်ရောက်လာသော ကလေး ငယ် ၁၀၀ ကျော် ကိုလည်းလွတ်လပ်စွာ ပန်းချီရေးဆွဲ ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါပန်းချီကားများကို  ရွေးချယ်ပြီး နိုင်ငံတကာပန်းချီပြပွဲသို့ ပို့ဆောင်ပြ သပေးမည် ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့တွင်ပြသပြီးပါက ချောက်နှင့်ရေနံချောင်းမြို့များတွင် ထပ်မံပြသရန်စီစဉ်ထားကြောင်း ပန်းချီပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်းက ဆိုသည်။

“ပန်းချီပြပွဲ ကို မနက် ၉ နာရီကနေည ရးဝဝ နာရီအထိ နှစ်ရက်ကျင်းပမယ်။ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုလေ့လာနိုင််တယ်၊ လာရောက်ပြသတဲ့ ပန်းချီအဖွဲ့ဟာ ဘယ် NGO အဖွဲ့အစည်းနဲ့လည်းမပတ်သက်ဘူး၊ စေတနာရှင်ပြည်သူလူထု အကူအညီနဲ့ လာရောက်ပြသခဲ့တာဖြစ်ပါတယ်”ဟု ပြခန်းတာဝန်ခံပန်းချီ စိုင်းလောဝ်ခေးက မိန့်ခွန်းထဲတွင်ပြောခဲ့သည်။

နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ကမ္ဘပေါ်ရှိ နိုင်ငံပေါင်းစုံမှ ကလေးများလူငယ်များ၏ ပန်းချီအနုပညာ လက်ရာတွေကို မြန်မာ နိုင်ငံရှိကလေး လူငယ်များ ယဉ်ကျေးမှု ဖလှယ်နိုင်ရေးနှင့် အတွေးသစ် အမြင်သစ်များ ဖန်တီးနိုင်ရေးကိုရည် ရွယ်ပြီးပြုလုပ် သည့်ပြပွဲဖြစ်ကြောင်းသိရှိရသည်။