စိုင်းအောင်မြတ် မိသားစုက သမ္မတထံ စာပို့

စိုင်းအောင်မြတ် မိသားစုက သမ္မတထံ စာပို့
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန်ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောသည်။

စိုင်းအောင်မြတ်၏ ဇနီးနှင့် သားသမီး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ်၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

“နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ်သွားတုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစုတွေက အရမ်းအခက်အခဲဖြစ်နေတယ်” - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောသည်။

တရုတ် တရားရုံးမှ စိုင်းနော်ခမ်းနှင့်အဖွဲ့အား အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် နိုင်ငံတော်သက် သေအဖြစ် စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်ဟု ယခုနှစ် ဩဂုတ်လ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဆိုသည်။

တရုတ်တရားရုံးမှ စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က သေဒဏ်ချမှတ် လိုက်သော်လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်း မရှိသေးပေ။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့်အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ထိုင်းသတင်းစာများက ရေးသားသည်။

စို်င်းနော်ခမ်း အဖမ်းခံခဲ့ရပြီးနောက် ဒု-ခေါင်းဆောင်ဖြစ်သူ စိုင်းအောင်မြတ် ယခုနှစ် မေလလယ်ပိုင်းက အစိုးရထံ လက်နက်ချခဲ့သည်။