ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ

ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း၌ ညသန်းခေါင်ကျော်အချိန် ယနေ့နံနက် ၃ နာရီခန့်က လက်နက်ကြီး ၅ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနေအိမ်အချို့ပျက်စီးသွားကြောင်း မျက်မြင်များက ပြောသည်။

“ဒီမနက် ၃ နာရီလောက် မိုင်းငေါ့မြို့ ဝမ့်တုံ့လုံရွာအပိုင်းမှာ လက်နက်ကြီး ၅ လုံးကျတယ်။ မြို့ပြင် ကနေ ပစ်ထည့်တာ။ ဗုံးထိမှန်တဲ့ အိမ်ရှင်ကိုလဲ ရဲစခန်းက မနက်ကတည်းက ခေါ်သွားတယ်” - ဟု မိုင်းငေါ့မြို့ခံ အိုက်နောင့်က ပြောသည်။

အမည်မသိလက်နက်ကိုင်တစုက မြို့ပြင်မှနေ၍ မိုင်းငေါ့မြို့နယ်ခွဲ၊ ဝမ့်တုံ့လုံ ရွာ အား ၄၀ mm ရော့ကက်ဖြင့် ၅ ကြိမ်ပစ်ခတ်ရာ သုံးလုံးကွဲပြီး နှစ်လုံးမှာမူ ပေါက်ကွဲခြင်း မရှိကြောင်းနှင့် စိုင်းထွန်းမြတ် နန်းမြသိန်း နေအိမ်ကို ထိမှန်ပြီး တံစက်မြိတ်ပြိုပျက်သွားကြောင်း - ကျားဖြူပါတီ အသိုင်းအဝိုင်းက ဆိုသည်။

“ဝမ့်တုံ့လုံဆိုတာ မိုင်းငေါ့မြို့တွင်းဘဲဗျ။  ဘယ်အဖွဲ့လဲဆိုတာကျနော်တို့လဲမသိဘူး။ ၄၀ mm ကျည် အမျိုးအစား၊ ခြံထဲမှာတလုံး၊ အိမ်ရှေ့ခြံစည်းရိုးနားမှာတလုံး၊ တံစက်မြိတ်မှာတလုံး ကျကွဲတယ်။ ကျန် တဲ့ မကွဲတဲ့နှစ်လုံးက ဘယ်မှာကျလဲဆိုတာရှာမတွေ့ဘူး။ ဘာ့ကြောင့် အဲဒီလိုဖြစ် လဲဆိုတာ အကြောင်း ရင်းကို ကျနော်တို့လဲ ဆက်လက်စုံစမ်းသွားမယ်” - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ ပြည်နယ် လွှတ်တော်အမတ် စိုင်းခမ်းကျော်က ပြောပါသည်။

အဆိုပါဒေသဘက်တွင် မြန်မာအစိုးရ စစ်တပ်အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ RCSS/SSA အပြင် ရံဖန်ရံခါ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်လည်း လှုပ်ရှားသွားလာကြောင်း ဒေသခံများက ဆိုသည်။