ပြီးခဲ့တဲ့အောက်တိုဘာလက သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြည် ထောင်စု အဆင့်တတိယအကြိမ် ဆွေးနွေးခဲ့ပါတယ်။ မကြာခင် ဒီလထဲမှာဘဲ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်နေပြန်ပါတယ်။ ဘာအတွက် တွေ့ဆုံမလဲ။ အချိန်နဲ့ နေရာရွေးချယ်ထားတာရှိလား သိရအောင်လို့ RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကို ရှဲန်ချိုဖှက ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ အခုလထဲမှာတွေ့ဆုံမယ့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအကြောင်းမေးချင်လို့ပါ။
ဖြေ။ ။ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ဆွေးနွေးမှာပါ။
မေး။ ။ ဘယ်နေ့ ဘယ်မှာတွေ့ကြမလဲ။
ဖြေ။ ။ အစိုးရဘက်က မပြောလာသေးဘူး အချိန်ရော နေရာရောဘဲ။ ဒါပေမယ့် ဘယ်နေရာမှာ ဘဲလုပ်လုပ် ကျနော်တို့ သွားဖြစ်အောင်သွားမှာပါ။
မေး။ ။ ဘာအကြောင်းအဆွေးနွေးမှာလဲ။
ဖြေ။ ။ ကျေနော်တို့ဘက်က အချက် ၄ ချက်တင်ပြဖို့ရှိတယ်။ ၁- အစိုးရဘက်ကရော စစ်တပ်ဘက်ကရော ဒီငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့အပေါ် အထင်မလွဲဖို့ ။ ဘေးကင်းစွာနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးဖို့။ သူတို့သုံးဖို့အတွက် ငွေကြေး အစိုးရက ထောက်ပံ့ပေးဖို့။ ၂- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော ကျနော်တို့ဘက်ကရော ပေါင်းပြီးတော့ မြို့နယ်တိုင်းမှာ ကွင်းဆင်းပြီး လူထုကိုရှင်း လင်းပြသဖို့။ ၃- ငြိမ်းချမ်းရေး အပစ်ရပ်ဖို့ ၁ နှစ်ရှိပြီ ကျနော်တို့ဘက် ကလက်တွေ့အကောင်အထည် ဖော်နိုင်တာ ဘာမှမရှိဘူး။ မြန်မာတပ်ကဘဲ ကျနော်တို့ကိုတက်တိုက်နေတယ် ဒါအစိုးရကနေဖြေရှင်းပေး ဖို့တောင်းဆိုချင်တယ်။ ဖြေရှင်းဖို့ နည်း လမ်းကလည်း ကျနော်တို့ မိုင်းပန်နဲ့ ကျောက်မဲမှာ ဆက်ဆံရေးရုံးဖွင့် ဖို့တောင်း ထားတယ်။ ကျနော်တို့ယုံကြည်မှုရှိဖို့ မကြာခဏ တွေ့ဆုံမယ်ဆွေနွေးမယ်။ ၄- နိုင်ငံတော်ပူးပေါင်း တည်ဆောက် ရေးမှာ ကျနော်တို့နဲ့အစိုးရကြားမှာ စိုးရိမ်မှု သတိချပ်မှုတွေ အလွန်အကဲမဖြစ်အောင် ပေါ့။ သံသယ တွေများရင် ကေအိုင်အိုနဲ့အစိုးရကြား ဖြစ်နေတာကိုကြည့်ခြင်းဖြင့်သိနိုင်တယ်။ အပစ်ရပ်ကာလ ၂၀ နှစ်မှာ အခု ပြန်တိုက်နေပြီ။ အဓိက ယုံကြည်မှုဘဲ။ ဒီလေးချက်ပေါ့။
မေး။ ။ ဆက်ဆံရေးရုံးတွေထပ်ဖွင့် ရင်တိုက်ပွဲတွေငြိမ်သွားမယ်ဆိုတဲ့သဘောလား။
ဖြေ။ ။ အဲလိုလဲ မဟုတ်ပါဘူး။ နီးစပ်မှုပိုလာအောင်ရည်ရွယ်တာပါ။ ပြဿနာ လျော့သွားမယ်လို့ ကျနော်တို့ဘက်ကယုံကြည်ပေမယ့် တကယ်လျော့အောင်လုပ်ဖို့က အစိုးရရဲ့စစ်တပ်မှာ ဘဲမူတည် တယ်လေ။ သူတို့လျော့အောင်လုပ်ချင်မယ်ဆိုရင်တော့ ဆက်ဆံရေးရုံးမဖွင့်လဲ လျော့အောင်လုပ်နိုင် တာဘဲ။
မေး။ ။ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့က ဘေးကင်းအောင်ဆိုတာက ဘယ်လိုသဘောလဲ။
ဖြေ။ ။ ဒီအဖွဲ့ကိုအစိုးရစစ်ဘက်ကရော အုပ်ချုပ်ရေးဘက်ကရော မနှောင့်ယှက်ဖို့ပေါ့။ ၁၉ ယောက် စလုံးက သျှမ်းဘဲ ။ ဒါကျနော်တို့ဘက်ကလေ။ အစိုးရဘက်ကလဲ ရှိဦးမယ်။ နှစ်ဘက် ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ပေါ့။ အရင်ကလဲ ဒီနာမည်တပ်ပြီးသားအဖွဲ့ဝင်တွေကိုအစိုးရဘက်ကနှောင့်ယှက်တာ မရှိပါဘူး။ ဒါပေမယ့် ဒါက ဆွေးနွေးပြောဆိုရင်ပိုပြီးတော့ စိတ်ချရအောင်လို့ပါ။
မေး။ ။ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးမှာ ဘယ်သူတွေပါသလဲ။
ဖြေ။ ။ မြို့နယ်တိုင်းကပါတယ်။ အဓိက ကိုယ်စားလှယ် ၁၉ ယောက် ရွေးထားတယ်။ နာမည်ကြီး တွေဘဲ။ အစိုးရဘက်ကရော သျှမ်းလူမှုအဖွဲ့အစည်း ထဲကရော သူတို့ကိုသိတယ်။ နာမည်တော့ မပြောပါရစေနဲ့ဦး။ အချိန်မတန်သေးဘူး။
မေး။ ။ တကယ်လက်တွေ့ ကွင်းဆင်းစည်းရုံး ရှင်းလင်းမယ်ဆိုရင် ဘယ်မြို့ကစမလဲ။ ဘယ်သူဦး ဆောင် မလဲ။
ဖြေ။ ။ မပြောတတ်သေးဘူး အဆင်ပြေသလိုလုပ်သွားမယ်။ ကျနော်တို့ RCSS ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီခေါင်းဆောင် စဝ်ပေါင်ခေး ဦးဆောင်တဲ့အဖွဲ့ပေါ့။
ပြည်ထောင်စု တိုးတက်အောင် အဘက်ဘက်က ပူးပေါင်းကြဖို့ ယုံကြည်မှုတည်ဆောက်ဖို့။ အဲလိုမဟုတ်ဘဲ တဖက်စီးကနေ တိုင်းရင်းသားတွေကိုဆက်ဆံမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဘယ်တော့ မှရမှာမဟုတ်ဘူး။
မေး။ ။ အစိုးရနဲ့ တွေ့ဆုံတာဘယ်နှစ်ကြိမ်မြောက်ပြီလဲ။
ဖြေ။ ။တရားဝင်တွေ့ဆုံတာ ၄ ကြိမ်မြောက်ရှိပြီ။ ပြည်ထောင်စုအဆင့်က တာချီလိတ်မှာပါရင် ၃ ကြိမ်မြောက်ပြီလေ။ တရားဝင်မဟုတ်ဘဲကိုယ်ရေးကိုယ်တာနဲ့တွေ့တာတော့ အကြိမ်ရေများတယ်။ ဘာကိုအဓိက ထားဆွေးနွေးလဲဆိုတော့ လတ်တလောပြဿနာတွေ ကုမ္မဏီထောင်ဖို့တွေ။ သျှမ်းတောင် တန်းချယ်ရီပေါ့နော်။ ကုမ္မဏီကထောင်ပြီးပြီ။ လုပ်ငန်း ၁၄ မျိုးလုပ်ခွင့်ပေးထားတယ်။ ဟိုတယ်ခရီးသွား၊ စက်မှုလက်မှု၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအစရှိသဖြင့်နော်။
အဖွဲ့အစည်းအတွက်လုပ်တဲ့ကုမ္မဏီပေါ့။ ဒီလုပ်ငန်းကျနော်တို့လည်ပတ်နိုင်ပြီဆိုရင် လူထုအပေါ် အခွန်ကောက်စရာမလိုတော့ဘူး။
မေး။ ။ ကုမ္မဏီထောင်ခွင့် ရပြီလားရှင့်။
ဖြေ။ ။ရပြီ။ လုပ်ဖို့ဘဲလိုတယ်။ လွန်ခဲ့တဲ့ ၂ လကတည်းက လုပ်ခွင့်ကျလာပြီ။
မေး။ ။ စစ်ရေးဘက်မှာ အဆင်ပြေတာမရှိသေးဘူး စီးပွါးရေးကရေရှည်တည်တံ့မယ်လို့မျှော်လင့်ပါ သလား။
ဖြေ။ ။စီးပွါးရေးနဲ့ စစ်ရေးနဲ့မပတ်သက်ဘူးလေ။ စစ်ရေးကိုလည်း ကျနော်တို့တတ်နိုင်သလောက် ဖြေရှင်းသွားမယ်လေ။
မေး။ ။ စစ်ရေးမပြေလည်မှုကနေ စီးပွါးရေးကိုထိခိုက်လာမှာမစိုးရိမ်ရဘူးလား။
ဖြေ။ ။ အခု အစိုးရကပြောင်းလဲပြီဆိုတော့ အရင်စနစ်နဲ့မတူတော့ဘူးလို့ယုံကြည်တယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် တတိယအကြိမ်ဆွေးနွေးပြီးတဲ့အဖွဲ့ဖြစ်ပါတယ်။ သို့ပေမယ့် အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁ နှစ်ကြာ ကာလမှာ နှစ်ဦးနှစ်ဘက်ကြားတိုက်ပွဲပေါင်း အကြိမ် ၃၀ ထက်မနည်းဖြစ်ပွါးခဲ့ပြီးဖြစ်ပါတယ်။