၂၄ နှစ်ပြည့် SNLD ပါတီမွေးနေ့ အထိမ်းအမှတ်မိတ်ဆုံစားပွဲ ရန်ကုန် နှင့် သျှမ်းပြည်မြို့နယ်အနှံ့ကျင်းပမည်

၂၄ နှစ်ပြည့် SNLD ပါတီမွေးနေ့ အထိမ်းအမှတ်မိတ်ဆုံစားပွဲ ရန်ကုန် နှင့် သျှမ်းပြည်မြို့နယ်အနှံ့ကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

အောက်တိုဘာ ၂၆ ရက်၌ ကျရောက်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ်ကို ရုံးချုပ်အပြင်  မြို့နယ်အသီးသီး၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Invitation_SNLD

“အောက်တိုဘာ ၂၆ ရက် နက်ဖြန် မနက် ၁၀ နာရီခွဲ ရန်ကုန်ရုံးချုပ်ကနေ အထိမ်းအမှတ်မိတ်ဆုံစားပွဲ ကျင်းပမယ်။ ကိုးမိုင်သျှမ်းကျောင်း"နှီးဘုရား" အောက်ထပ်မှာ။ ကျန်တဲ့မြို့နယ် အသီးသီးမှာလည်း ကျင်းပမယ်။ အဖွဲ့ချုပ်ကနေပြီးတော့မှ ကြေငြာချက်ထုတ်ပြန်မယ်။ သဝဏ်လွှာတွေဖတ်ကြားမယ်” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

ရန်ကုန်မြို့ ကိုးမိုင် အောင်မြေဘုံသာ သျှမ်းကျောင်းတိုက်၌ ကျင်းပမည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် တည် ထောင်ခြင်း ၂၄ နှစ်ပြည့်အခမ်းအနားသို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများအားလုံး တက်ရောက်ကြဖို့ ဖိတ်ကြားထားကြောင်း၊ သျှမ်းပြည်အနှံ့မြို့နယ်အသီးသီး၌လည်း အထိမ်းအမှတ်အခမ်း အနားကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့လားရှိုးမှာက မြို့နယ် စီအီးစီ ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ရွေးမယ်။ အခမ်းအနားထူးထူးထွေထွေမရှိပါဘူး။ NLD တို့ SNDP တို့ လားရှိုး မြို့မှာရှိတဲ့ တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတို့ကိုဖိတ်ကြားထားတယ်။ ရုံးချုပ်က ပို့ပေးတဲ့ သဝဏ်လွှာတွေ ဖတ်မယ် စတာတွေပါဘဲ” - ဟု ပါတီဝင် လူငယ်တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်မူ ပါတီ မှတ်ပုံတင်သည့် အောက်တိုဘာ ၂၁ ရက် နေ့၌ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၁ ရက် နေ့က ပါတီမှတ်ပုံတင်ခဲ့ရာ အောက်တိုဘာ ၂၆ ရက် နေ့တွင်ခွင့်ပြုချက် ကျလာသဖြင့်  အဆိုပါနေ့ရက်ကို  ပါတီတည်ထောင်သည့်နေ့ အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၂၃ နေရာဖြင့် အနိုင်ရခဲ့သော်လည်း လွှတ်တော်မရောက်ခဲ့ရသဖြင့် ပြည်သူလူထုအတွက် ဘာမျှ မလုပ်ပေးခဲ့ရ။ ထိုအတွက်၂၄ နှစ်မြောက်မွေးနေ့မှစ၍ ငြိမ်းချမ်းရေးတည်ဆောက် ရာ တွင် အဓိက အရေးပါသော ယုံကြည်မှု တည်ဆောက်သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မရမချင်း SNLD မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

၁၉၉၃ ခုနှစ်က စတင်ခဲ့သည့် အမျိုးသားညီ လာခံတွင် တိုင်းရင်းသားတန်းတူရေးအတွက် ရည်ရွယ်၍ တက်ရောက်ခဲ့ သော်လည်း ထိုစဉ်က စစ်အစိုးရက တိုင်းရင်းသားများအား လစ်လျူရှုထား ခဲ့သဖြင့် ၁၉၉၆ တွင် နှုတ်ထွက်ခဲ့သည်။ သျှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ကြိုးပမ်းခဲ့စဉ် စစ်အစိုးရက ပြည်ထောင်စု မှခွဲထွက်လိုမှု၊ မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများစွာဖြင့် စွပ်စွဲပြီး ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီး၍ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ဦးသိန်းစိန်အစိုးရ၏  လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သျှမ်းခေါင်းဆောင်များ ပြန်လည်လွှတ် မြောက်လာပြီး နိုင်ငံရေး လောက အတွင်းတရားဝင် ပြန်လည်လှုပ်ရှားလာခဲ့သည်။ လက်ရှိ SNLD ပါတီ သည်လည်း သတ်မှတ်အသင်းသားဦးရေဖြင့် ပါတီ မှတ်ပုံတင်ကျထား သည့်နိုင်ငံရေး ပါတီတခုဖြစ်သည်။

Most read this week