ရှမ်းပြည်နယ်သို့ ထိုင်း လောင်စာဆီများ တရားမဝင် တင်သွင်းနေ

ရှမ်းပြည်နယ်သို့ ထိုင်း လောင်စာဆီများ တရားမဝင် တင်သွင်းနေ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ် တောင်ပိုင်းရှိ လက်နက်ကိုင် တပ်ဖွဲ့တခုက ထိုင်းနိုင်ငံမှ လောင်စာဆီများအား တရားမဝင် တင်သွင်းနေပြီး သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် အစိုးရတပ်က တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့် ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဆာကားနဲ့ နေ့တိုင်း တင်သွင်းနေတယ် ။ "ဝ" တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ်လို့ ပြောတယ်” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မဟာ ၁၇၁ လက်အောက်ခံ တပ်မဟာတခု၏ ဌာနချုပ် တည်ရှိရာ ဟွေအော့်တပ်စခန်းသို့  ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဆာကားဖြင့် တရက်လျင် နှစ်စီးနှုန်း နေ့စဉ် သယ်ယူနေကြောင်း "ဝ" တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

ထို့အပြင် ဖြတ်သန်းခွင့် အနေနှင့် တစ်ဂါလံလျင် ထိုင်းငွေ (၂) ဘတ်နှုန်းဖြင့် ဒေသတွင်းရှိ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၂၅) နှင့် (၆၅) တပ်ရင်းများက ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စအပေါ် သျှမ်းပြည် အရှေ့ပိုင်းဒေသမှ အမည်မဖော်လိုသည့် နိုင်ငံရေး ပါတီဝင် တဦးက “ဒီလုပ်ရပ်က ဒေသခံလူထုအတွက်  အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ  မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုးရ စစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ "ဝ" တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာ ခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ  ဆက်ရှိနေသေးတာဘဲ” - ဟုသုံးသပ် ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ "၀" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဘက်မှ တစုံတရာ အတည်ပြုချက်မရ ရှိသေးပေ။

သီးခြားအတည်ပြု၍ မရနိုင်သေးသည့်သတင်းအရ ထိုင်းနိုင်ငံမှ လောင်စာဆီများ သျှမ်းပြည်နယ်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ ခေါ် သျှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့မှ နေပြည်တော်သို့ လွန်ခဲ့သည့် ဩဂုတ်လအတွင်းကသွားရောက် တောင်းခံခဲ့ရာ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံ လွှဲချခဲ့ သည်ဟုဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာပိုင်နှင့်သာသက်ဆိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရက SSPP အဖွဲ့အား ပြောဆိုခဲ့သည်ဟုလည်း သိရသည်။ ယင်းကိစ္စ တာချီလိတ်ခရိုင် တာဝန်ရှိသူများက 'ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ။ အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာသက်ဆိုင် သည်’ ဟု တုန့်ပြန်ပြောဆိုခဲ့ကြောင်း သျှမ်းပြည် တပ်မတော်တောင်ပိုင်း တပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောဆိုသည်။