သျှမ်းပြည်နယ် ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးအား ယမန်နေ့ကစတင်ရာမှာအမတ်တဦး က ရေနံသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှုကြောင့် အဆိုပါစီမံကိန်းမှရသည့် ဝင်ငွေအားလုံး၏ ၅ % အား နစ်နာကြေးအဖြစ် သျှမ်းပြည်နယ်အား ခွဲတမ်းပေးရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။
“ကျမအဆိုတင်ထားတာနှစ်ခုရှိတယ်။ ဒီနေ့ အာဂျန်တာထဲမှာ တခုပါတယ်။ ကျမ တို့သျှမ်းပြည်မြောက်ပိုင်း အတွင်း ဖြတ်သန်းသွားတဲ့ ရေနံနဲ့ သဘာဝ ဓါတ် ပိုက်လိုင်း ကြောင့် ဒေသခံလူထု နစ်နာဆုံးရုံးမှုများတယ်။ အဲဒါကြောင့် ကျမတို့ပြည်နယ်အတွက် အဲဒီက ရတဲ့ဝင်ငွေတွေရဲ့ ၅% ကို ပြည်ထောင်စုအစိုးရကနေ ခွဲပေးဖို့ပါ” - ဟု နမ္မတူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက ပြောပါသည်။
စက်တင်္ဘာ ၂၅ ရက်နေ့ စတင်သော ပထမအကြိမ် စတုထ္ထပုံမှန် သျှမ်းပြည်နယ်လွှတ်တော်အစည်း ပထမ နေ့၌ နမ္မ တူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက လူ့အခွင့်အရေးချိုးဖေါက်မှု အဆိုနှင့် ရေနံသဘာ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးသည့်အဆို နှစ်ရပ်တင်သွင်းထားကြောင်းပြောပါသည်။
ယမန်နေ့က တင်သွင်းသည့် အဆိုများအား ယနေ့ စက်တင်္ဘာ ၂၆ ရက်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောပါသည်။
“ကျနော်တို့ လယ်ယာမြေ အတွင်း ပိုက်လိုင်းတွေဖြတ်သန်းလာလို့ စိုက်ပျိုးခွင့်မရတော့ဘူး၊ ပေးတဲ့လျော်ကြေး ငွေကလဲ အထက်က ဆိုင်ရာပုဂ္ဂိုလ် အဆင့်ဆင့်ဖြတ်ယူတယ်၊ ဈေးနှိမ်ပြီးပေးတယ်” - ဟုနမ္မတူဒေသခံတဦး က ပြောပါသည်။
ရခိုင်ကမ်းလွန်ဒေသထွက် ရေနံနှင့်သဘာဝ ဓါတ်ငွေ့များ သယ်ယူရန် မြန်မာအစိုးရက တရုတ်အစိုးရထံ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံဖြင့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ပေးထားခဲ့သည်။
ယမန်နေ့၌ ပြန်လည်ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သျှမ်းပြည်အရှေ့ပိုင်းအမတ်တဦး ဖြစ်သည့် စိုင်းဝင်းမြင့်ဦးကလည်း ‘လျှပ်စစ်မီးတွေက ကျနော်တို့ သျှမ်းပြည်က ထွက်ရှိတာများတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ မီးမလင်းသေးဘူး နှစ်ဆယ့်လေးနာရီ မီးရဖို့တင်ပြခဲ့တယ်’ ဟု ပြောပါသည်။ နိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း ကျိုင်းတုံမြို့သို့ ရောက်ရှိစဉ်ပါတီကောင်စီဥက္ကဌဟောင်း တဦးကလည်း ကျိုင်းတုံမြို့ ၂၄ နာရီမီးလင်း ရေးအတွက်တင်ပြ တောင်းဆိုခဲ့သေးသည်ဟုလည်းကြားသိရပါ သည်။