သျှမ်းတပ်ဖွဲ့နှင့်ဆက်သွယ်မှုရှိ မရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး

သျှမ်းတပ်ဖွဲ့နှင့်ဆက်သွယ်မှုရှိ မရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မန်စံရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမှူး က ယမန်နေ့က ခေါ်ယူစစ်ဆေးကြောင်း ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

 မန်စံပင်မလျှပ်စစ်ဓါတ်အားခွဲရုံ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
“မနေ့က နေ့ခင်း ၁ နာရီလောက်မှာ မန်စံအီးဘီစီရုံးမှာ လုံခြုံရေးစခန်းချတဲ့ စခန်းမှူးက မိုင်းမုအုပ်စုဝင် ရ ရွာက ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်တွေ့တာ်။ ပြီးတော့ - သျှမ်းသူပုန်ကို အလုပ်လုပ်ပေးတဲ့လူရှိသေးလား။ စကားပြော စက်ကိုင်တဲ့လူ ရှိသေးလားလို့မေးတယ်။ ရွာသူကြီးတွေက မရှိပါဘူး။ မသိပါဘူးဖြေတော့ စခန်းမှူးက - နင်တို့ရွာတွေထဲကို သျှမ်းစစ်သားတွေဝင်ထွက်သွားလာနေ တယ်ဆိုတာ ငါသိတယ် တဲ့။ သူပုန်ကိုထောက်ပံ့ ဆက်သွယ်တာကိုတွေ့ရင်တော့ မလွယ်ဘူးမှတ် လို့ပြောတယ်တဲ့” အုပ်ချုပ်ရေးမှူးများနှင့်နီးစပ်သူများ ၏ပြန်လည်ပြောပြချက်ကိုကိုးကား၍  လားရှိုးမြို့နေ ဒေသခံလူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြ သည်။

မန်စံအုပ်စု အီးဘီစီရုံးအတွင်း လုံခြုံရေး စခန်းချထားသော အဖွဲ့တွင် လားရှိုးမှ ခမရ ၃၂၄ နှင့် ခလရ ၄၁ တပ် ပူးပေါင်းသည်ဟု ရွာသားများပြောပြချက်အရသိရသည်။

မန်စံအုပ်စုဝင် ဒေသခံရွာသား ၁၀ ယောက်ထက်မနည်းအား သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့၏ အမာခံလူများ ဟုစွပ်စွဲကာ ပြီးခဲ့သည့်လက အဆိုပါ မြန်မာအစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။

မြန်မာစစ်ကြောင်းမှူးတဦး အား SSPP က ပြန်လည်ဖမ်းဆီးပြီးနောက် ဒေသခံ ရွာသား ၆ ဦးကိုပြန်လွှတ် ပေးလိုက် သော်လည်း စိုင်းကျော်အေးအပါအဝင် ၄ ဦးအား ဆက်လက်ဖမ်းဆီးထားကာ မတရားအသင်း (သူပုန်)နှင့်ဆက်သွယ်မှု ဟုဆိုကာ ရုံးတင်အမှုဖွင့်တရားစွဲထားကြောင်း လားရှိုးဒေသခံ ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။

“ စိုင်းကျော်အေးကို အခု လားရှိုးထောင်ပို့ထားပြီ။ ကျန်တဲ့ ၃ ယောက်က ပိန်းလုံရွာသား စိုင်းလ၊ နားကေး ရွာသားစိုင်းတင်းနဲ့ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်။ စိုင်းကမ်မဟုတ်ဘူး။ စိုင်းကမ်က ပြန်လွတ်သွားပြီ။ စိုင်းကျော်အေးကိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ လားရှိုးထောင်ကြီးကို ပို့လိုက်ပြီ။ နမ့်ပိုင်ရွာသူကြီးကိုလည်း အမှတ် ၁ ရဲစခန်းမှာတွေ့တယ်။ ကျန် ၂ ယောက်ကိုတော့ သူတို့ပေးမတွေ့ဘူး။ နောက်မှတွေ့ပါလို့ပြောတယ်။ သတင်းထွက်နေသလို တကယ်ဘဲသေပြီ လား။ သို့မဟုတ် သူတို့ဆီမှာဘဲ ရှိနေသေးလားဆိုတာ ကျနော်တို့ အတိအကျမသိရသေးပါဘူး” ဟု လားရှိုးမြို့နေ ကျားဖြူပါတီ ဝင်လူငယ်တဦးကပြောသည်။

စိုင်းလနှင့်စိုင်းတင်းတို့အား ဩဂတ်စ်လ ၃၁ ရက်က ဖမ်းဆီးပြီးနောက် နားကေးရွာတွင် ရိုက်နှက်ကြောင်း၊ ခြေသလုံးရိုး များကျိုးကာ တကိုယ်လုံးတွင်လည်း ဒါးဖြင့်မွှန်းထားသည့်ဒဏ်ရာများပြည့်နေကြောင်း၊ မျက်လုံးများကျွတ်ထွက် လုမတတ် ဖြစ်နေပြီး ည ၉ နာရီခန့် နမ္မတူ ဘက်သွားရန် ၎င်းတို့၏ တုန်းဖုန်းကား ပေါ်ပြန်ပစ်တင်စဉ် တုတ်တုတ်မျှမလှုပ်တော့ ကြောင်း၊  သေဆုံးသွားပြီဟုယူဆရကြောင်း မျက်မြင်တွေ့ကြုံ ခဲ့ရသူ နားကေးရွာသားများကပြောသည်။ ထိုစဉ်မှစ၍ ၎င်းတို့ ၂ ဦး၏သတင်းမကြားရသည်မှ ယနေ့တိုင်ဖြစ် ကြောင်းလည်း ဆွေမျိုးတော်စပ်သူများကပြောသည်။

ဩဂတ်စ် ၂၃ ရက်နေ့မှစ၍ စတင်အဖမ်းခံရသူများမှာ ပိန်းထောန်ရွာဥက္ကဌ စိုင်းအောင်ညွန့်၊ ရွာသား စိုင်းကျော်အေး၊ ထိုနောက်ပိုင်း နောင်အော့ ရွာသား စိုင်းကမ်၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း၊ လုံးနွံ၊ စိုင်းဆော၊ ကွန်ကျောင်းရွာသူကြီး စိုင်းစံမိန်းနှင့် ရွာသားစိုင်းမြ တို့ဖြစ်သည်။

Most read this week