သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရဲအချုပ်ခန်း၌ အချုပ်သားတဦး တန်းစီး(အချုပ်သားခေါင်းဆောင်) ၏ရိုက် နှက်မှုကြောင့်သေဆုံးခဲ့ရာတွင် ဝက်ရူးပြန်ရောဂါကြောင့်သေသည်ဟု ထွက်ဆိုခဲ့ကြကြောင်း ရဲစခန်းနှင့်နီးစပ် သည့်အသိုင်းအဝိုင်းကပြောသည်။
“ အခုလ ၂ ရက်ကသေတာ။ အိုက်ယီ့ထွန်းပေါ့။ ထောင်တန်းစီး (အချုပ်သားခေါင်းဆောင်)က ရိုက်လို့ လက်လွန်ပြီးသေတာ။ တန်းစီးကလဲ ထောင်ကျနေတဲ့ ရဲဘဲလေ။ ဒါကြောင့် အင်းခွက်စ်(လူသေမှုစုံစမ်းခြင်း) လာစစ်ပြီးတာနဲ့ ဝက်ရူးပြန်ရောဂါဖြစ်ပြီးသေတယ်လို့ ထွက်လာတယ်။ သူတို့ အချင်းချင်းမို့လို့ ဖုံးဖိပေးကြတာ။ အိုက်ယီ့ရဲ့ မိန်းမကတော့ မကျေနပ်ဘူး။ အိုက်ယီ့မှာဝက်ရူးပျံရောဂါမရှိဘူးလို့ပြောတယ်။ သူတို့ကိုလုပ်ပေးတဲ့ ရှေ့နေကို ဒီကိစ္စလုပ်ပေးဖို့ ထပ်တောင်းထားတယ်ဆိုဘဲ” ဟု သေဆုံးသူနှင့်လည်း ရင်းနှီး၍ ရဲစခန်းနှင့် လည်းနီးစပ်သည့် ဒေသခံတဦးကသျှမ်းသံတော်ဆင့်သို့ပြောသည်။
မူဆယ်အချုပ်ခန်း၌ မူးယစ်ဆေးဝါးရောင်းဝယ်မှု နှင့်ပတ်သက်၍ စိုင်းယီ့ထွန်း နှင့် ဇနီး အချုပ်ကျနေခြင်းဖြစ်၏။ ထောင်တန်းစီး ရဲအရာရှိ ယဉ်မျိုးထွန်းက အိုက်ယီ့ထွန်း အား ရိုက်နှက်ရာမှ လက်လွန်၍ အဆိုပါညပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောသည်။
“ ယီ့ထွန်းမိန်းမ နန်းခမ်းကတော့ မကျေနပ်ဘူး။ သူလဲထောင်ထဲမှာဘဲဆိုတော့လေ။ ဖြစ်ပုံကနေ့ခင်း ၃ နာရီ လောက်မှာ ဧည့်သည်လာတွေ့တယ်ဆိုလို့ ယီ့ထွန်းက ထွက်တွေ့တယ်။ ပြန်လာတော့ ယဉ်မျိုးထွန်းက - မင်းဘယ်သွားလဲတဲ့။ ယီ့ထွန်းက ဧည့်သည်သွားတွေ့တယ်တဲ့။ တန်းစီးက -မဟုတ်ဘူးထင်တယ်။ မင်း မိန်းမဆီသွားတယ်ထင်တယ်- လို့နောက်သလိုနဲ့ပြောတာကို ယီ့ထွန်းက -အေးဟုတ်တယ်- လို့ပြန်ပြော တယ်တဲ့။ အဲတာနဲ့ ယဉ်မျိုးထွန်းက သူ့ကိုပြန်ပြီးသရော်ရသလားဆိုပြီး စိတ်ဆိုးပြီး ရိုက်တာလို့တွေ့တဲ့ ထောင်သားတချို့ ကပြောတယ်” ဟု ၎င်းကပြောသည်။
မူဆယ်မြို့နယ် ရဲစခန်းနှင့်တရားရုံးတို့သည် အမှုစီရင်စစ်ဆေးရာတွင် ဖြစ်စဉ်အားအခြေမခံဘဲ တရား ခံဖြစ်ဖြစ်၊ တရားလိုဖြစ်ဖြစ် လာဘ်ငွေပေးနိုင်သူဘက်ကိုသာကြည့်ပြီး တရားစီရင့်လေ့ရှိသည်ဟု မူဆယ် ဒေသခံများ ကပြောပါသည်။