မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး UWSA အား RCSS/SSA ခေါင်းဆောင်ကမ်းလှမ်း

မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး UWSA အား RCSS/SSA ခေါင်းဆောင်ကမ်းလှမ်း
by -
သျှမ်းသံတော်ဆင့်

မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးအတွက် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ထံ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် က ကမ်းလှမ်းလိုက်ကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။

RCSS/SSA ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
“ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ကြေငြာထားတယ်၊ ပေါ်လစီရှိပြီးသား ဖြစ်တဲ့အတွက် ရှေ့ရေးအတွက်မျှော်မှန်းပြီး  ကျနော်တို့တတွေ လက်တွဲပူးပေါင်းတိုက် ဖျက်ရင် ပိုမိုအကျိုးသက်ရောက်မှာ ဖြစ်တယ်” ဟု RCSS/SSA ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ပန်ဆန်းဌာနချုပ်ရှိ UWSA သည် အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီကိုထောက်ခံသကဲ့သို့ တိုက်ဖျက်ရေး လုပ် ငန်းကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်လာသည့်အဖွဲ့ဖြစ်သည်။ ထို့ကြောင့် မိမိတို့ လက်တွဲပူးပေါင်းကာ အစိုးရ၏မူးယစ် တိုက်ဖျက်ရေးစီမံကိန်း၌ တတပ်တအားပါဝင်ကူညီသင့်ကြောင်း၊   နိုင်ငံတကာမှသိမြင်လာစေရန်လက်တွေ့အကောင် အထည်ဖော်ပြမှသာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမေရိကန်နှင့် ထိုင်းတို့မှ ဖမ်းဝရမ်းထုတ်ထားသောပုဂ္ဂိုလ်များလည်း ပြစ်ဒဏ်မှ လျော့ကျသွားလိမ့် မည်ဟုယူဆကြောင်း ဥက္ကဌကြီးယွက်စစ်က ၎င်းတို့ပိုင်သော တိုင်းဖှရီးဒမ်းဝဲပ်ဆိုဒ်၌ပြောကြား သည်။

“အခုလိုအခွင့်သာတုန်းမှာ ကျနော်တို့ လုပ်သင့်တယ်။ အခွင့်အရေးလက်လွတ်ဆုံးရှုံးမခံသင့်ဘူး။ ဘာလို့လဲဆိုတော့ အခွင့် အရေးက ၂ ခါမလာတတ်ဘူး” ဟုလည်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့မှ အကြီးအကဲများဖြစ်သော ဝေ့ရှော်ကန်း၊ ပေါင်းယိုချမ်း၊ ပေါင်းယိုယီး၊ ပေါင်းယိုလျန်၊ ပေါင်းယိုဟွာ၊ ဝေရှောက်လုံ၊ ဝေရှောက်ယွင်၊ ပေါင်းဟွာချမ် အစရှိသူတို့အား ၂၀၀၅ ခုနှစ်က အမေရိကန်က မူးယစ်ဆေးဝါး ကူးသန်းမှုနှင့်စွဲချက်တင်ထားသည်။ ဝေရှော်ကန်း ကိုမူ ၁၉၉၈ ကတည်းက ဒေါ်လာ ၂ သန်းဆုကြေးဖြင့် ဖမ်းမိန့်ထုတ်ခဲ့ဖူး၏။ ထို့အတွက်ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လက်တွဲဖေါ်ဆောင်ပါက ဝေရှော်ကန်းအနေဖြင့် အနောက်နိုင်ငံချမှတ် ထားသော ပစ်ဒဏ်ပြေလျှော့သွား နိုင်သည်ဟုယုံကြည်ကြောင်း ဥက္ကဌကြီးယွက်စစ်က ပြောပါသည်။

UWSA ၏ အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ခေါင်းဆောင် ဝေ့ရှော်ကန်းသည် ၁၉၈၅ ခုနှစ်တွင် ခွန်ဆာဦးဆောင် သော တပ်ဖွဲ့မှ ခွဲထွက်ကာ (Wa National Council ) ကိုတည်ထောင်ခဲ့၏။ ၁၉၈၉ တွင်ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် ပူးပေါင်း ၏။ UWSA မှာမူ မြန်မာအစိုးရနှင့်ပူးပေါင်းပြီး ၂၀၀၅ ခုနှစ်က သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းအား တလကျော်ကြာ  တိုက်ခိုက်ခဲ့၏။ ခေါင်းဆောင်ဖြစ်သူပေါက်ယူချမ်းက အဆိုပါတိုက် ပွဲသည်နှစ်ဘက်လုံးအတွက် အကျိုးမရှိဟုဆိုကာ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ယခု သျှမ်းပြည်တပ်မတော်က အစိုးရနှင့် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နေသောကြောင့် ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်က - RCSS/SSA သည် မြန်မာအစိုးရတပ်နှင့်ပူးပေါင်း၍ မိမိတို့အား ပြန်လည်ရန်ရှာတိုက်ခိုက်လာနိုင်သည် ဟူသည့် သံသယရှိနေသည့်အပေါ် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က- “ဝ ပြည်သွေးစည်းရေးတပ်မတော် က တဖက်သတ်စိုးရိမ်ပူပန်နေတာဘဲဖြစ်တယ်။ ကျနော်တို့က UWSA ကို တိုက်ဖို့ခိုက်ဖို့ဆိုတာ ဘယ်တော့မှ မစဉ်းစားဘူး။ ပေါ်လစီလဲ မရှိဘူး။ ကျနော်တို့ဟာ တမြေတည်းနေ တရေထဲသောက်လာကြတဲ့ ညီရင်းအစ်ကိုတွေဖြစ်နေလို့ဘဲ။ မူးယစ် ဆေးဝါးတိုက်ဖျက် ရေးစီမံကိန်းဟာလည်း နယ်မြေဖွံ့ဖြိုးရေးတည်ဆောက်ရေး စီမံကိန်းတွေ နိုင်ငံရေးပြဿနာတွေဖြေရှင်း ပြီးမှ အောင်မြင်အောင်လုပ်နိုင်မယ့် စီမံကိန်းဖြစ်တယ်” ဟု ပြောသည်။

မိုင်းတုံမြို့နယ် ပုံဖာ-ပုံတောင်းဒေသဖက်၌ ဒုက္ခသည်များဝမ်းရေးအတွက် ယာခင်းလုပ်ရန်သွားသည့်  ဒုက္ခသည် ၁၀ယောက် ကျော် နှင့် သျှမ်းပြည်တပ်မတော်အချို့အား နယ်မြေကျူးကျော်မှုဟု စွပ်စွဲကာ UWSA က ဖမ်းဆီးထားခဲ့သည်။ ထို့နောက် ပိုင်းဆွေးနွေးညှိနှိုင်းရန် သျှမ်းပြည်တပ်မတော်က ကိုယ်စားလှယ် နှစ်ကြိမ် စေလွှတ်ခဲ့သော်လည်း လက်ခံဖြေရှင်းခြင်းမရှိ ၊ ဝ တပ်ဖွဲ့ခေါင်းဆောင် ကျောက်ကျုံးတန်းကမူဆွေးနွေး ဖြေရှင်း ရန်အတွက် SSA မှ အဆင့်အမြင့်ကိုယ်စားလှယ်များ စေလွှတ်ရန် အကြောင်းကြားခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် က ပြောသည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ SSA ဘက်မှ ပြောပြသည်မှာ- (၁) စေလွှတ်သွားသောကိုယ်စားလှယ်များမှာ ဗဟိုကော်မတီ ဝင်အဆင့်ဖြစ်ကြောင်း၊ (၂) တဦးမှာ ခရိုင်အဆင့် အစိုးရအုပ်ချုပ်ရေး နှင့် စစ်ရေးအရ စကခ ၁၄ အတွက် ဆက်ဆံရေး အရာရှိဖြစ်ကြောင်း၊ (၃) အဆင့်မြင့်အရာရှိများအား ၂၀၀၉ ကတည်းက ဝမြို့တော် ပန်ဆန်းသို့အကြိမ်ကြိမ်စေလွှတ်ခဲ့သည် သာမကစာဖြင့်လည်းအကြိမ်ကြိမ် ရေးသားပေးပို့ခဲ့ကြောင်းပြောဆိုပါ သည်။

“UWSA နှင့် SSA တို့အကြားလူမျိုးရေးပြဿနာလည်းမရှိ၊MTA ခေတ်ကကဲ့သို့ စီးပွါးရေးအရ ဈေးကွက် လုပြဿနာလည်းမရှိခဲ့၊ ယခုဖြစ်ရသည်မှာ လက်အောက်ခံတပ်ဖွဲ့များမှ အစီရင်ခံမှုကိုသေချာစွာစီ စစ်ခြင်းမရှိသည့် အတွက်ကြောင့်ဖြစ်ပေါ်ခဲ့ သည်” ဟု ဥက္ကဌကြီးယွက်စစ်က ဆိုပါသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအောင်မြင်ရမည်ဟု ကြေငြာထားသည်။

Most read this week