အုပ်စုဥက္ကဌနှင့်ပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်း ဒေသခံများလယ်မြေသိမ်းယူရောင်းစား

အုပ်စုဥက္ကဌနှင့်ပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်း ဒေသခံများလယ်မြေသိမ်းယူရောင်းစား
by -
သျှမ်းသံတော်ဆင့်

လားရှိုးမြို့ တာ့ပုံအုပ်စုဥက္ကဌနှင့် မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်းကာ လားရှိုးဒေသခံများ၏ လယ်ယာမြေ ဧကထောင်ချီကိုသိမ်းယူကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။

အသိမ်းခံရလယ်မြေများ

တာ့ပုံအုပ်စု ကောင်းဟော်ရွာ ဘုန်းကြီးကျောင်းမှ ရှုမဆုံးနိုင်သောမြင်ကွင်းအထိ ဧကထောင်ချီသော လယ်မြေ များ ကို မတရားနည်းလမ်းဖြင့် သိမ်းယူကာ တရုတ်ကုမ္မဏီ (AAA) နှင့် နှင်းနှင်းခိုင်ကုမ္မဏီသို့ထံ ပြန်လည် ရောင်းချပေးကြောင်း တာ့ပုံဒေသခံ တဦးကပြောသည်။

“ တချို့ကိုလဲ သူတို့အလကားသိမ်းယူတယ်။ တချို့ကိုလဲ ပိုင်ရှင်နဲ့ဈေးညှိ၊ ဈေးနှိမ် ဝယ်ယူပေမယ့် ပိုက်ဆံအကုန် မချေဘူး။ တချို့ကိုတော့ ဓါးပြတိုက်ယူသလို သေနတ်နဲ့ချိန်ပြီးမှ ပေးမလားမပေးဘူးလားဆိုတာမျိုးလဲလုပ်တယ်။ အဲဒီလယ်တွေ ကတော့ ခေတ်အဆက်ဆက်က ကျွဲနွားကျောင်းနဲ့နေရာ၊ မယ်ဇလီတော၊ လယ်တော၊  စိုက်ပျိုးမြေ အစုံရှိတယ်။ သူတို့ ၂၀၁၀ ကစပြီး သိမ်းယူတာ၊ အခုလဲ ထပ်သိမ်းဖို့ သတင်းကြားနေတယ်” ဟု လယ်သမားတဦး ဖြစ်သော အသက် ၅၀ အရွယ် ရှိ အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါလယ်မြေများကို တရုတ်ကုမ္မဏီ (အေသုံးလုံးကုမ္မဏီ)က သတ္တုတူးခြင်း၊ စက်ရုံဆောက်ခြင်းများလုပ် နေပြီး နှင်းနှင်းခိုင် ကုမ္မဏီကမူ  ရော်ဘာပင်စိုက်သည်ဟုဆို၏။ ယခုနှစ်အတွင်း သတ္တုတူးဖော်ရေးကိုတိုးချဲ့ လုပ်ကိုင်လာနေပြီး အတည်မပြုနိုင်သေးသည့် သတင်းအရ သတ္တုတူးဖော်ရေးအတွက် ကျေးရွာများအား ထပ်မံပြောင်းရွှေ့ခိုင်းရန်ရှိကြောင်း ကုမ္မဏီအလုပ်သမားများ အသိုင်းအဝိုင်းများမှသတင်း ထွက်ပေါ်လာခဲ့သည်။

“အမှန်ဆိုရင် ဒီပြည်သူ့စစ်တွေ အုပ်စုဥက္ကဌတွေဆိုတာ လူထုဘက်ကနေပြီး ကာကွယ်ပေးရမယ်လေ။လူထုရဲ့အား ကိုးရာ နေရာ ဖြစ်သင့်တယ်လေ။ ဒါပေမယ့်အဲလိုမဟုတ်တော့ လယ်မြေအသိမ်းခံရတဲ့လူတွေ ကျားဖြူပါတီဆီကို စာတင်ပြီး အကူအညီတောင်းထားတယ်လို့ကြားရတယ်” ဟု လားရှိုးဒေသခံ လူငယ်တဦးကလည်းပြောသည်။

ဒေသခံများ အသိမ်းခံရလယ်ပိုင်ရှင်များက မြို့ရွာအုပ်ချုပ်ရေး၊ မြေတိုင်းဌာန စသည့် ဆိုင်ရာအာဏာပိုင်များအား ကူညီဖြေရှင်းပေးရန်၊ အေသုံးလုံး(တရုတ်)ကုမ္မဏီ၊ နှင်းနှင်းခိုင်ကုမ္မဏီ၊ တာ့ပုံအုပ်စုဥက္ကဌ စိုင်းညွန့်နှင့် မန့်ပန် ပြည် သူ့စစ်ခေါင်းဆောင် တို့ထံ ဆွေးနွေးပေးရန်အကူအညီ တောင်းထားသည်ဟုလည်း ဒေသခံများကပြော သည်။

Most read this week