သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောပါသည်။
“မနှစ်ကလဲ စပါးစိုက်လို့မရဘူး၊ ဒီနှစ်ပိုဆိုးတယ်၊ သတ္တုကနေ ထွက်တဲ့ ဓါတုဆေးရေတွေ အညစ်အကြေး တွေက ချောင်းရေ နဲ့လယ်ကွင်း စိုက်ခင်းတွေထဲကို ၀င်ကုန်တယ်။ နွေတုန်းကလဲ ချောင်းရေ လုံးဝသုံးလို့ မရဘူး၊ နွေဘက်ဆိုရင် ကျနော်တို့ကျေးလက်တွေက ချောင်းရေကို ဘဲ သုံးကြတယ်လေ” - ဟု မိုင်းလင်းဒေသ ခံတဦးက ပြောပါသည်။
ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် တာချီလိတ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုအပြင် တာလေမြို့ နယ်ခွဲအတွင်းရှိ နားဟိုင်းလုံရွာ၊ နားဟိုင်းနွဲ့ရွာ၊ မိုင်းလင်းကျေးရွာအုပ်စုဝင် နမ့်ခင်းရွာ၊ ပါလျောင်း၊ ကျိန်းလပ်၊ ဒေသခံများ လယ်ယာ စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရ ကြောင်း၊ ဒေသခံအာဏာပိုင်များထံတိုင်ကြားထား သော်လည်း အရေးယူဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
“ကျနော်တို့ မိမိလယ်ယာ စိုက်ခင်းမထိခိုက်အောင်၊ အဲဒီသတ္တုတွင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ထွေအုပ်ဆီ၊ အနိုင်ရပါတီဝင်တွေဆီ တိုင်တန်းထား တယ်။ အခုလဲ ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပါတိုင်တန်းထားတယ်၊ လာရောက် ဖြေရှင််းပေးလိမ့်မယ်လို့မျှော်လင့်တယ်” - ဟု ဒေသခံ စိုင်းကျောဝ်(က်) က ပြောပါသည်။
ထို့အပြင် သတ္တုသယ် ၁၀ ဘီး ၊ ၁၈ ဘီး ၊ ၂၆ ဘီး ကားများကြောင့် လမ်းများပျက်စီးကုန် ကြောင်း၊ အထူး သဖြင့် ကျောင်းသူ/သားများ ကျောင်းတက်/ဆင်း ရေးအတွက် အဓိကအခက် အခဲဖြစ်နေကြောင်း ဒေသခံ ကျောင်းသားမိဘ နန်းအွန် က ပြောပါသည်။
တာချီလိတ်မြို့ မြောက်ဘက် ၁၃ ကီလိုမီတာ( ၈ မိုင်ခန့်)အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုကြောင့် ရွာပေါင်း ၈ ရွာ(လားဟူ၊ အခါ၊ သျှမ်း) ၊ အိမ်ခြေ ၃၉၃ အိမ်၊ လူဦးရေ ၂၀၀၀ ခန့် ဆိုးကျိုး ခံစားရပြီး အနည်းဆုံး လယ်မြေဧက ၉၂ ဧက ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဒေသခံများ၏ လယ်မြေများ ကိုလည်း ကုမ္မဏီက စျေးနှိမ်ဝယ်ယူကြောင်း၊ တချို့ခြံများကို ကန့် သတ်နယ်မြေအဖြစ် သတ်မှတ် လိုက် သောကြောင့် ခြံပိုင်ရှင်များ လုပ်ကိုင်ခွင့်မရဖြစ်နေကြောင်း လားဟူ အမျိုးသမီးအစည်းအရုံး (LWO) က အစီရင်ခံစာထုတ်ပြန်ဖူးပါသည်။
အဆိုပါဒေသအတွင်း ၂၀၀၇ ခုနှစ်မှစ၍ စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင်၊ ဟိန်းလင်းစံ၊ စံပါရမီ၊ ၀ဏ္ဏသိန်းသန်း ကုမ္မဏီ က ရွှေဖြူတူးဖော်ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေး ကုမ္မဏီ ၁၅ ခု ရှိလာ ပြီဖြစ်ကြောင်း၊ ရွှေဖြူကုန် ကြမ်း ၁ တန်ကို ဒေါ်လာ ၃၀၀ ရရှိကြောင်း ယခုနှစ် မေ ၂၈ ရက် နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာကရေးသားပါသည်။