တိုင်းရင်းသားများခေါင်းဆောင်အဖြစ်အသိအမှတ် ပြုခံရသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ခွန်ထွန်းဦးအား ငြိမ်းချမ်းရေးဖော်ဆောင်မှု၌ ပါဝင်ကူညီဖို့ ရထားဝန်ကြီး ဦးအောင်မင်းက တနင်္ဂနွေနေ့က တွေ့ဆုံကာ တောင်းဆိုလိုက်ပါသည်။
ငြိမ်းချမ်းရေးရေရှည်တည်တံ့ဖို့နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး၌ တိုင်းရင်းသားပါတီအသီးသီး အားလုံး (All Inclusive) ပါဝင်ပံ့ပိုးကြရန် ယခုလ ၂၂ ရက် ဝန်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က တိုက်တွန်းခဲ့ကြ ခြင်းဖြစ်သည်။
အဆိုပါတိုက်တွန်းချက်အပေါ် ခွန်ထွန်းဦးက အုပ်ချုပ်ရေးပိုင်းနှင့် စစ်တပ်ပိုင်း ဟန်ချက်ညီဖို့ အဓိက လိုအပ်ကြောင်း ပြောဆို ခဲ့သည်ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
“ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပထမဆုံး ယုံကြည်မှု တည်ဆောက်ရမယ်။ ဘာဖြစ်လို့အဲဒီ စကားပြောလဲဆို တော့ သမ္မတက အပစ်ရပ်စဲပါ။ အတိုက်အခိုက်မရှိစေရလို့ အမိန့်ပေးတယ်။ အောက်ခြေ တပ်တွေက ထပြီးတိုက်ပွဲတွေဖြစ်တယ်။ တနေ့ ကဘဲ မိုင်းပူးအွန်မှာဖြစ်တယ်လို့ကြားတယ်။ တခါ မြောက်ပိုင်း တပ်ဖွဲ့နဲ့လဲ ဂျွန်လ ၂၁ ရက်ကနေ ဂျူလိုင် ၄ ရက်လောက် အထိ တိုက်ပွဲတွေ ကြိုကြားဖြစ် နေတယ်။ အဲလိုမဖြစ်အောင် အုပ်ချုပ်ရေးပိုင်းက အမိန့်ပေးရင် တပ်ပိုင်းက လိုက်နာနိုင် အောင် ခင်ဗျားတို့ကြိုးစားပါ။ အဲလိုလုပ်နိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေပါလိမ့်မယ်လို့ ခွန်ထွန်းဦးက ပြော သွားပါတယ် ” ဟု စိုင်းလိတ်က ပြန်လည်ပြောပြသည်။
မြန်မာအီးဂရက်စ် ရုံးခန်းသို့ ညီညွတ်သောတိုင်းရင်းသား မဟာမိတ်များအဖွဲ့ ( UNA ) နှင့်အခြား နိုင်ငံရေးပါတီ ၂ ခု စုစုပေါင်း နိုင်ငံရေးပါတီ ၁၄ ပါတီအား ဝန်ကြီး ဦးအောင်မင်းက ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ပါဝင်သင့်ပါဝင်ထိုက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ဖိတ်ကြားမည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုသဖြင့် ကူညီပံ့ပိုးမည့်ပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူ အာမခံချက်ပေးနိုင်ဖို့ လို ကြောင်း လည်း ခွန်ထွန်းဦးက သတိပေးပြောကြားခဲ့သည်ဟုဆို၏။
“ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ခွန်ထွန်းဦး က ပြန်ပြောပါတယ်။ ကျနော့်ကိုကူညီစေချင်ရင် ကူညီပါ့မယ်။ ဒါပေမယ့်လို့ ကျနော် တို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဝင်ပြီးကူညီမယ့်ပုဂ္ဂိုလ်တွေက နိုင်ငံရေးသမားတွေ၊ သာမာန် အရပ်သားပြည်သူတွေ။ တကယ်လို့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့သည်ရှိသော် ကျနော်တို့အတွက် လုံခြုံရေးအာမခံချက် ပေးနိုင်မလား အဲတာ အဓိကမေးပါတယ်။ ဦးအောင်မင်းကပြောတယ်။ ၁၇-၁ တွေမရှိစေရပါဘူးအဘ တဲ့။ တကယ်လို့ ငြိမ်းချမ်းရေးပျက်ပြယ်လို့ ဒီပုဂ္ဂိုလ်တွေက တောထဲရောက် သွားမယ် လက်နက်ကိုင်တိုက်ခိုက်လာမယ်ဆိုရင် အဘကိုမထိခိုက်စေရဘူး။ အဘကို ၁၇-၁ နဲ့ဖမ်းရင် ကျနော်ကိုယ်တိုင် ထောင်ထဲမှာလာထုတ်မယ်။ ကျနော်ထုတ်လို့မရရင် အဘနဲ့အတူ ကျနော်ထောင်ထဲမှာ ဘဲနေမယ်တဲ့ ဦးအောင်မင်းက အဲလောက်အထိပြောပါတယ်။ ဆိုတော့ ခွန်ထွန်းဦးက - ကျနော် ကူညီပါ့မယ်။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းလောက်ဘဲ ကျနော်အာမခံနိုင်ပါတယ်။ SSPP RCSS တို့နဲ့ ကျနော် အလွတ်သဘောဆွေးနွေးဖူး ပါတယ်။ နိုင်ငံရေးအရ ကျနော်တို့ကိုဦးဆောင်မှုပေးပါလို့ သူတို့ ကမ်းလှမ်းဖူးပါတယ်။ အခုခင်ဗျားတို့က လုပ်ပါဆိုတော့ သူတို့ကိုကျနော် ကြိုးစားပြောကြည့်ပါ့မယ်။ - လို့ ခွန်ထွန်းဦးက ဦးအောင်မင်းကိုပြန် ဖြေခဲ့ပါတယ်” -ဟု စိုင်းလိတ်က ဆက်လက်ပြော ပြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အခြားအခက်အခဲတခုမှာ အစိုးရက ချမှတ်ထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းစဉ် ၈ ချက်အနက် (၁) အချက်မှ (၄) အထိ တိုင်းရင်းသားတပ်ဖွဲ့ အားလုံးက လက်ခံနိုင်သည့် အနေအထားရှိသော်လည်း လက်နက်အပြီးစွန့်ပါ၊ နိုင်ငံရေး ပါတီအဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ကြပါ၊ လွှတ်တော်ထဲ ရောက်မှနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပါ စသည့် ကျန်အချက် ၄ ချက်ကိုမူ တိုင်းရင်းသားတပ်ဖွဲ့များ လက်ခံရန် ခက်ခဲသည့်အချက်များဖြစ်ကြောင်း ခွန်ထွန်းဦးက ပြောကြားခဲ့သည်ဟု အစည်းအဝေးလိုက်ပါ တက်ရောက်သည့် SNLD ၏ ဒုတိယခေါင်းဆောင် စိုင်းညွန့်လွင်ကပြောကြောင်း ကော့လီမီဒီယာတွင်ဖော်ပြထားသည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်းလမ်းစဉ် ၈ ချက်မှာ -
(၁) ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး
(၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့်အချုပ်အခြာအာဏာတည်တံ့ခိုင် မြဲရေး တို့ကိုသဘောတူရေး
(၃) စီးပွါးရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍တရားဝင် ဆောင်ရွက်ရေး
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး
(၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရေး
(၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီတန်းတူညီတူနေထိုင်၊သွားလာ၊ လုပ်ကိုင်၊စားသောက်ရေး
(၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး - စသည်တို့ဖြစ်ပါသည်။