သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်
by -
သျှမ်းသံတော်ဆင့်

ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ သပြေတည်းခိုခန်းပိုင်ရှင် စိုင်းအိုက်ပီး အား မြန်မာစစ်အရာရှိတစ်ဦးက ပစ္စတို သေနတ်ဖြင့် ချိန်ရွယ်၍ ၅ ချက်တိတိ ပစ်ခတ်ခဲ့ရာ သေနတ်ကျည် မပေါက် သဖြင့် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ၄င်းစစ်အရာရှိ၏ ရိုက်နှက်မှုကြောင့် ခေါင်းကွဲ၊ သွားကျိုးသည့် ဒဏ်ရာ များဖြင့် ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့ သပြေတည်းခိုခန်း (ဓါတ်ပုံ- www.kawli.info)
၄င်းနေ့ ညပိုင်း ၁၁ နာရီခွဲခန့်က တာမိုးညဲ အခြေစိုက် ခလရ ၂၉၀ မှ ဒုဗိုလ်အဆင့်ရှိသူ ဝေမင်းဦးသည် သပြေတည်းခိုခန်းအတွင်းသို့ ခြံစည်းရိုးကျော်ဝင်လာရာ တည်းခိုခန်းပိုင်ရှင် စိုင်းအိုက်ပီးမှ သူခိုးအထင်ဖြင့် တုတ်ဖြင့် တားဆီးရန် ကြိုးပမ်းစဉ် အခင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ဒုဗိုလ်ဝေမင်းဦးက တည်းခိုခန်းမှာတည်းတာပေါ့နော် ည ၁၁ နာရီခွဲ လောက်ကျတော့ အဲဒီစစ်ဗိုလ်က တည်းခိုခန်းကို တံခါးပေါက်ကနေမဝင်ပဲ ခြံစည်းရိုးကျော်ဝင်လာတော့ အိုက်ပီးက ဘာဖြစ်လို့ခိုးဝင်လာတာ လဲဆိုပြီး မေးတာပေါ့နော်။  တုတ်လည်းကိုင်သွားတာပေါ့။ အဲဒီမှာ သေနတ်ထုတ်ပြီးတော့ ၅ ချက် တိတိပစ်တယ်။ ဒါပေမဲ့ သေနတ်က ကျည်မပေါက်ဘူး။ ကျထားတဲ့ ကျည်ဆံ ၄ တောင့်ကိုပြန်ကောက် သွားတယ်။ ကျန်ထားတယ်  ၁ တောင့်ကို တည်းခိုခန်း ပိုင်ရှင်က သိမ်းထားတယ် ။ အဲဒီ ၁ တောင့်ကိုလည်း ရဲစခန်းက လာသိမ်းသွားပါပြီ” ဟု သူက ပြောသည် ။

ထိုသို့ သေနတ်ကျည်မပေါက်သဖြင့် ၄င်းစစ်အရာရှိက အိုက်ပီးထံမှ တုတ်လုကာ အိုက်ပီးအား ရိုက်နှက်ခဲ့ရာ ဦးခေါင်းကွဲ ဒဏ်ရာရရှိကာ ၁၀ ချက်ချုပ်ရပြီး သွားနှစ်ချောင်း ကျွတ်ထွက်ခဲ့ကြောင်း သိရသည် ။

၄င်းကိစ္စအား နမ့်ခမ်းရဲစခန်း၌ အမှုဖွင့်ထားပြီး မြန်မာစစ်တပ်မှ ကျေအေးရန် ဖိအားပေးပြောဆိုနေသော်လည်း တည်းခိုခန်းပိုင်ရှင်က ကျေနပ်မှုမရှိကြောင်း သိရသည် ။

“ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီ ၁၉ ရက်နေ့က အဲဒီဒုဗိုလ်ဝေမင်းဦး ရဲစခန်းမှာ လာတောင်းပန်တာပေါ့နော်။ ဖြစ်တော့ဖြစ်သွားပြီပေါ့။ တရားစွဲတာတွေ မလုပ်ဖို့ပေါ့ လာပြောသွားတယ်။ ဒါပေမဲ့ ပိုင်ရှင်ကတော့ မကျေနပ်ဘူးပေါ့နော်။ ဒုဗိုလ်ဝေမင်းဦးနဲ့ အမေကလည်း စိုင်းအိုက်ပီးတို့အိမ်မှာလည်း လာတောင်းပန်တယ်။ သူ့အမေကတော့ သူ့သားကို အရေးမယူဖို့ ငိုယိုပြီးတောင်းပန်တယ်” ဟု သူကဆက်ပြောသည် ။

စိုင်းအိုက်ပီ မိသားစုမှာ နိဗ္ဗာန်ကုန်ဆိုင်လည်း ဖွင့်လှစ်ထားကြောင်း၊ ချမ်းသာကြွယ်ဝသဖြင့် ၄င်းတို့ကို ဓားမြတိုက်ရန် ရည်ရွယ် ချက်ရှိနိုင်ကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ စိုင်းအိုက်ပီး မိသားစုက ကျားဖြူပါတီကိုလည်း တိုင်တန်းထားကြောင်း၊ စိုင်းအိုက်ပီက ဒုဗိုလ်ဝေမင်းဦး အလုပ်ပြုတ်သွားသည်အထိ အရေးယူပေးစေချင်သည့် ဆန္ဒရှိကြောင်း နမ့်ခမ်းဒေသခံများက ဆို၏။

Most read this week