စားသောက်ဆိုင်မှ မိန်းခလေးတဦးအား လုယက်ကြရာမှ စစ်ဗိုလ်တဦးနှင့် ဆိုင်ကယ်မှောင်ခို ခိုးသွင်းသည့် ရဲတပ်ကြပ်ကြီးတဦးပစ်ခတ်ရာ ရဲတပ်ကြပ်ကြီးဒူးခေါင်းအား သေနတ်ထိမှန် ဒဏ်ရာပြင်း ထန်ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
“နမ့်ပေါင်တပ်က ဗိုလ်ချမ်းမြေ့အောင် နဲ့ မန္တလေးရွှေစာရံ ရဲတပ်ရင်း ၄ ကရဲတပ်ကြပ်ကြီး အောင်စိုးလင်းလားရှိုး ရွှေအိမ်စည် ထမင်းဆိုင်မှာ ပြည့်တန်ဆာမိန်းခလေးကို သူ့ထက်ငါ ဦးအောင်လုကြရင်း စကား များ ရန်ဖြစ်ကြတာ။ နောက်ဆုံး ပစ်လားခတ်လားအထိဖြစ်တယ်။ ဗိုလ်ချမ်းမြေ့အောင်က ပစ်လိုက်တာ ရဲရဲ့ ညာဒူးထိသွားတယ်။ အခုလားရှိုးဆေးရုံကြီးမှာဘဲ ဆေးကုနေတယ်။ ဒူးခေါင်းတော့ မရတော့ဘူး ဆိုတဲ့အခြေအနေမှာရှိတယ်လို့သိရတယ်။ အဲဒီစစ်ဗိုလ်ကိုတော့ လားရှိုးအမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်း ထားတယ်၊ တိုင်းမှူးက မရှုပ်ချင်သေးလို့တဲ့” ဟု လားရှိုးမြို့နေ လုံးခမ်းက ပြောသည်။
ဂျူလိုင် ၃ ရက်နေ့ ညက လားရှိုးမြို့ မန်ဆူကာဂိတ်အနီး ရွှေအိမ်စည်စားသောက်ဆိုင်၌ နယ်စပ်ဘက်မှ ဆိုင်ကယ်မှောင်ခိုသယ်သည့် မန္တလေးရွှေဇာယံ ရဲတပ်ရင်း ၄ မှ ရဲတပ်ကြပ်ကြီးအောင်းစိုးလင်းနှင့် နမ့် ပေါင် ခလရ ၂၉၁ မှ ဗိုလ်အောင်ချမ်းမြေ့တို့ မူးယစ်သောက်စားကြပြီးနောက် ခိုက်ရန်ဖြစ်ပွါး ခဲ့ကြခြင်း ဖြစ်သည်။
“ ရဲကလည်း ဆိုင်ကယ်မှောင်ခိုခိုးသွင်းနေတဲ့သူ၊ စစ်ဗိုလ်ကလဲ နမ့်ပေါင်ကနေ လားရှိုးကို ခွင့်မရဘဲခိုး တက်လာတဲ့သူလို့ ရဲစခန်းကပြောတယ်။ ဆိုတော့ သူတို့ ၂ ယောက်စလုံးက သူမသာ ကိုယ်မသာ တွေ ချည်းဘဲ” ဟု လားရှိုးမြို့ မန်ဆူကားဂိတ် မှ ဂိတ်မှူးတဦးကပြောပြသည်။
အမှုကို ရဲမှစစ်ဆေးပြီးမှသာ စစ်တပ်ဖက်ပြောင်းစစ်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူများ ကလည်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၉ အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည် - ဟုရေးသားထားသောကြောင့် လက်ရှိ ပစ်မှုကျူးလွန်သည့် တပ်မတော်မှ ဗိုလ်ချမ်းမြေ့အောင်လည်း မည်သို့ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဝင် လားရှိုးဒေသခံတဦးက လည်းပြောပါသည်။