သျှမ်းပြည်တပ်မတော် SSPP/SSA ဘက် မှ စခန်းအချို့ရုပ်သိမ်းပေးလိုက်သော်လည်း မြန်မာအစိုးရတပ် နှင့် စစ်ရေးအရ တင်းမာနေဆဲဖြစ်ကြောင်း၊ ဒေသခံလူထုလည်း လူ့အခွင့်အရေး အမျိုးမျိုးကျူးလွန်ခြင်းခံနေရ ကြောင်း ဒေသတွင်းသတင်းရပ်ကွက်မှကြားသိရပါသည်။
“သျှမ်းပြည်တပ်မတော် တပ်ရုပ်ပေးလိုက်တော့ ဗမာတပ်က အစားထိုးလာနေတယ်။ ၉ ရက်နေ့တုန်းက ခလရ ၁၂၇ နဲ့ ခလရ ၆၈ ပူးပေါင်းတပ်က ကျနော်တို့တန့်ယန်းမြို့နယ် လွယ်ဇောင့်ရွာ ပလောင်အမျိုးသမီး နန်းခမ်း ၃၅ နှစ်၊ နန်းခေါင် ၃၆ နှစ် ကိုဖမ်းချုပ်ပြီး မုဒိန်းကျင့်တယ်။ ဒေသခံတွေရဲ့ လယ်ခြံစည်းရိုးကို ဖျက်ပြီး သူတို့ စခန်းဆောက်တယ်” - ဟု လားရှိုးရောက် တန့်ယန်းလူငယ်တဦးက ပြောပါသည်။
ယခုလ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တန့်ယန်းမြို့နယ် ရ မိုင်စခန်း၊ မိုင်းရှူးမြို့နယ် မိုင်းအောက် ကျေးရွာအုပ်စုအတွင်းရှိတပ်စခန်းအချို့ တပ်ရုပ်ပေးပြီးနောက်ပိုင်း အဆိုပါတပ်စခန်းများနှင့် တန့်ယန်း - နမ့်လောင်း(ဝ်း)- မိုင်းအောက် - မိုင်းရှူး လမ်းမပေါ်တွင်အစိုးရတပ်များ နေရာယူထားဆဲဖြစ်ကြောင်း၊ SSPP/ SSA တပ်များ အဆိုပါကားလမ်းအနောက်ဘက်ခြမ်းသို့ တပ်ဆုတ်ပေးရန် အစိုးရတပ်ဘက်မှ တောင်းဆို ထားသည့်ပေါ် သျှမ်းပြည်တပ်မတော်ဘက်မှလည်း လက်မခံကြောင်း၊ အချိန်မရွေးထိပ်တိုက် ထပ်တွေ့နိုင် ကြောင်း ဝမ့်ဟိုင်းဌာနချုပ် အရာရှိတဦးက ပြောပါသည်။
“ဂျွန် ၁၇ ရက်နေ့ က ဂျူလိုင် ၄ ရက်လောက်အထိ ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် အခုအစိုးရတပ်က ကျနော်တို့ ထိန်းချုပ်နယ်မြေ တန့်ယန်း မိုင်းရှူးဘက် နေရာယူပြီး သွားလာလှုပ်ရှားနေတုန်း၊ သီပေါ - လားရှိုး ကားလမ်း မြောက်ဘက်ခြမ်းမှာလဲ ၃-၄ ရက်တခါ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတုန်း။ လောလောဆယ်တော့ အစိုးရနဲ့ ထပ်တွေ့ဖို့လဲဘာမှ အစီအစဉ်မရှိသေးဘူး၊ ဦးသိန်းဇော်လဲ ဆက်သွယ်လာဒါမရှိဘူး” - ဟု SSPP/SSA ပြောခွင့် ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျွန်လ ၂၀ - ၃၀ ရက်နေ့အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ် နှင့် အစိုးရ ပြည်ထောင် စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ်တို့တွေ့ဆုံရန် အဆိုပါကော်မတီ၏ ဒုဥက္ကဌ ဦးသိန်းဇော်မှ ဖိတ်ကြားဖူးသော်လည်း ယခုကဲ့သို့ အကန့်အသတ်မရှိ တွေ့ဆုံရေးအစီအစဉ် ပြောင်းရွေ့ထားသည်ဟု ဗိုလ်မှူးစိုင်းလ က ပြောပါသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ယခုနှစ်အစောပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ရယူထားသည့်အဖွဲ့ဖြစ်သည်။