သျှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။
“ဟုတ်တယ်၊ ရှိနေတာက ၄ ရင်းလေ၊ မနေ့က စစ်ကား ရ စီး ကာလိ(ကွန်ဟိန်း)ကနေ မိုင်းဇန်၊ မိုင်းဇန်ကနေ မိုင်းရှူးကို ညတွင်းချင်းအင်အားထပ်ဖြည့်တယ်။ အခုလဲ ( ဒီမနက် ၁၁ နာရီခွဲအထိ) တိုက်ပွဲပြန်ဖြစ် နေတုန်း ဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျွန် ၁၇ ရက်နေ့ စတင်ခဲ့သော အစိုးရတပ်၏ ထိုးစစ်ဆင်မှုသည် ၁၈ ရက်နေ့ တရက်တည်းနားပြီး ယနေ့တိုင် တိုက်ပွဲဖြစ်ပွားနေ ခြင်းဖြစ်ပါသည်။
SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ၏ပြောပြချက်အရ အစိုးရတပ်သည်သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက်ခြမ်း တောင်ဟျိုးကျေးရွာအုပ်စု ဟွေ့လွတ်ကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ဖာဖင့်တပ်စခန်းအား သိမ်းပိုက်နိုင်ရန် အင်အား ၄၀၀ ခန့်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုပြောပါသည်။
“အဓိကကတော့ အဲဒီဒေသ (သံလွင်မြစ်ကမ်း)ကို အစိုးရတပ်က စစ်ရေးအရအလိုရှိနေတယ်၊ လူကြီးဆန်ဆန် ဆွေးနွေးညှိနှိုင်းလို့ရတဲ့ကိစ္စဘဲ။ ဘာဖြစ်လို့ အဲဒီလိုလုပ်တယ်ဆိုတာနားမလည်ဘူး၊ ကျနော်တို့ကိုတက်တိုက်ရ တဲ့အကြောင်းရင်းက ‘ခင်ဗျားတို့တပ်လက်နက်ကိုင်ပြီးသွားလာနေလို့ ’ လို့အကြောင်းပြပြီး ‘နယ်မြေ ရှင်း လင်းရေးလုပ်နေတာ’ တဲ့။ ကျနော်တို့နယ်မြေဘဲဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ဆက်၍ပြော ပါသည်။
အစိုးရစစ်တပ်သည် SSPP/ SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်း တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွါးနေပါသည်။
၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က - “တကယ်လို့ အစိုးရက ကျနော် တို့ကို ဆက် တိုက်နေရင် ပြဿနာမဖြေရှင်းရင်တော့ ငြိမ်းချမ်းရေးလည်း ပျက်ပြယ်မှာဘဲ။ ငြိမ်းချမ်းရေးကနေ ရန်သူတွေ ပြန်ဖြစ်ပြီး တိုက်ပွဲတွေလဲပြန်ဖြစ်လာမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ငြိမ်းချမ်း ရေး ရချင် လို့သာ အပစ်ရပ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်လို့ အပစ်ရပ်တယ်။ အပစ်ရပ် ပြီးတာတောင် အစိုးရဘက်က ထပ်တိုက်ချင်ရင်တော့ ပြန်တိုက်ရမှာဘဲ” - ဟု ပြော၏။
ယမန်နှစ် မတ်ခ်ျ ၁၃ မှ စက်တင်္ဘာလအထိ အစိုးရမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၈၉ ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန့်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့သည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်၏အောက်ခြေ တပ်ရင်းများ အမိန့်နာခံခြင်းမရှိသောကြောင့် ဦးသိန်းစိန် တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေးစီမံကိန်းလည်း ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိသည်ဟု - သုံးသပ်သူများရှိနေပါ သည်။