ထိုင်းအစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်ပတ်သက် သူများ အမည်စာရင်းထုတ်ပြန်ပြီးနောက်ပိုင်းရွှေတြိဂံ ဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်း ဖမ်းဆီးခံရပြီဖြစ်သော်လည်း မူးယစ်ရာဇာသစ်ထပ်ပေါ်လာသည်ဟု သံသယရှိကြောင်း ထိုင်းအစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့က ထောက်ပြသည်ဟု ခုံးချတ်လစ် ထိုင်းသတင်းစာကဖော်ပြထား သည်။
ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး အဒွန်း ဆိုင်ဆင်ကျော့က- “နော်ခမ်း အဖမ်းခံရပြီဆိုပေမယ့် မူးယစ်ရာဇာက ပပျောက်မသွားဘူး၊ တယောက်မရှိလဲ တယောက်က အစားထိုး ပေါ်လာ တာဘဲ။ အခု ကျနော်တို့အနေနဲ့ စောင့်ကြည့်နေရသူတဦးကတော့ တာချီလိတ်နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင်ယီ့ဆေးဘဲ ” ဟု ပြောကြောင်း ခုံးချတ်လစ် သတင်းစာက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်လည်းဖြစ် မူးယစ်ဆေးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သော ဗိုလ်ချုပ်ကြီး ချလိန် ယူဘမ်းရုန်းက ဧပြီလ ၂၀ ရက်နေ့ က အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ စိုင်းနော်ခမ်း အား ဘတ်ငွေ ၂ သန်းဖြင့်လည်းကောင်း၊ ကလိုထူးဘော DKBA ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွှေးနှင့် တာချီလိတ်မြို့ နမ့်ပုံ ပြည်သူ့စစ်ခေါင်းဆောင် ယီဆေးအား ဘတ်ငွေ တသန်းစီ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ သည်။
ထိုနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ ယာဘခိုးသွင်းမှု လျော့နည်းသွားပြီး ယာဘဈေးနှုန်းမှာလည်း ပင်ရင်းဈေး (မြန်မာဘက်ခြမ်းမှထုတ်လုပ်သည့်ဈေး) ၄၀- ၈၀ ဘတ်မှ ထိုင်းနိုင်ငံအတွင်း လက်လီလက်ကား ဈေး တပြားဘတ် ၂၅၀-၃၀၀ အထိ ရောင်းဝယ်နေကြကြောင်း ယခုလ ၆ ရက်နေ့ထုတ် အဆိုပါ သတင်းစာ၌ ဖော်ပြထားသည်။
“ကျနော်တို့ ထိုင်းနယ်စပ်တလျှောက်မှာလဲ မူးယစ်ဆေး ကာကွယ်နှိမ်နှင်းရေးတပ်ဖွဲ့တွေ တိုးချထားတယ်။ ဆက် လက်လှုပ်ရှားနေတဲ့ မူးယစ်ရာဇာသစ်တွေကို အထူးစောင့်ကြည့်ဖို့” ဟု မစ္စတာ အဒွန်း ဆိုင်ဆင်ကျော့ က အဆိုပါသတင်းစာ၌ ပြောဆိုကြောင်း ရေးသားထားသည်။
ထိုင်းဒုဝန်ကြီးချုပ်မှ မူးယစ်ရာဇာများအား ဖမ်းဝရမ်းထုတ်ပြီးမကြာမီ ရွှေတြိဂံဒေသ၌ လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်စိုင်းနော်ခမ်းအား ဖမ်းမိပြီးနောက်ပိုင်း ကလိုထူးဘောခေါင်းဆောင်မှာမူ ထိုင်း ဒု ဝန်ကြီးချုပ် ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း မေ ၁၀ နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
MTA တပ်ဖွဲ့ခေါင်းဆောင် ခွန်ဆာ၏ နောက်လိုက် တပည့်တဦးဟု လူသိများသော နမ့်ပုံပြည်သူ့ စစ်ခေါင်း ဆောင် ယီဆေးမှာမူ တစုံတရာတုန့်ပြန်မှုမပေးဘဲ တာချီလိတ်နှင့်မယ်ဆိုင် ပုံမှန်ဝင်ထွက်သွားလာနေဆဲဖြစ် ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။
“တကယ်တော့ ဒီရွှေတြိဂံဒေသမှာဆိုရင် အချမ်းသာဆုံးဟာ ယီ့ဆေးအဖွဲ့မဟုတ်ဘူး။ ပူနားကို ပြည်သူ့ စစ်တပ်ဖွဲ့ ကို ခေါင်းဆောင်တဲ့ ဂျငွဲ့နဲ့ အိုက်လုံတို့ကဘဲ အချမ်းသာဆုံးဖြစ်နေတယ်။ သူတို့ကိုဘယ်သူမှ မမှီဘူး။ ဒါပေမယ့် ယီဆေး က ပြည်တွင်းကအာဏာပိုင်တွေရော သက်ဆိုင်ရာအနီးအနားနိုင်ငံက အာဏာပိုင်တွေနဲ့ ရင်းနှီးတယ်။ ဝင်ထွက်တယ်။ သူ့အသိုင်းအဝိုင်းက ကျယ်ပြန့်တယ်။ သျှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ရ က အမျိုးသားလွှတ်တော်အမတ် ဝီလ်ဆင်မိုး(ဝေဇင်မိုး) ဆိုတာ ယီ့ဆေးရဲ့တူအရင်း လေ” ဟု တာချီလိတ်မှ ကုန်သည်တဦးကပြောသည်။
မည်သို့ပင်ဆိုစေ ထိုင်းအစိုးရမှ မူးယစ်ရာဇာများအား ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း၊ မြန်မာအစိုးရမှတိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များနှင့်အပစ်ရပ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေး၊ ယာဘ ခိုးသွင်းမှု လျော့ကျ သွားပြီဖြစ်ကြောင်း၊ တဖက်ကလည်း ထိုင်းအာဏာပိုင်များက မူးယစ်ဆေး ထုတ်လုပ် သည့်ကုန်ကြမ်း တမျိုးဖြစ်သော ဆူဒိုအက်ဖီဒရင်းအား ပိတ်ပင်နိုင်ခြင်းစသည်တို့ကြောင့် လျော့ကျ သွားခြင်း ဖြစ်ကြောင်း၊ သို့သော် ပေါ့လျော့ နေ၍မဖြစ်ဘဲ မူးယစ်ရာဇာသစ်များကို စောင့်ကြည့်အရေးယူသွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နှင်း တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး မစ္စတာ အဒွန်း ဆိုင်ဆင်ကျော့ က ဆက်လက်ပြောကြား ခဲ့သည်ဟုဆို၏။
မြန်မာအစိုးရအဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်သည်ဟုဆိုသော်လည်း အစိုးရ၏နိုင်ငံရေးမူဝါဒ ထောက်ခံသူအား မူးယစ်ဆေးဝါးနှင့်ပတ်သက်ခွင့်ပြုနေသဖြင့် ပပျောက်ခြင်းမရှိဖြစ်ရကြောင်း၊ သမ္မတသစ် လက်ထက်ပြုပြင် ပြောင်းလဲရေး လုပ်ငန်း၌ အဓိကဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း သျှမ်းပြည်မူးယစ် ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကဆိုသည်။