နိုင်ငံခြားသား ခရီးသွားဝင်ရောက်လည်ပတ်မှုကို ၂ နှစ် နီးပါးပိတ်ထားသော ကျိုင်းတုံ - မိုင်းလားလမ်းအား တနင်္လာနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာအစိုးရက မယ်ဆိုင်ရှိ ထိုင်းအာဏာပိုင်များထံ တရားဝင်အကြောင်း ကြားလိုက်သည်။
“ မိုင်းလားလမ်းကို မြန်မာအစိုးရက ခရီးသွားတွေအတွက် ပြန်ဖွင့်ပေးလိုက်ပြီ။ ဗီဇာကိုလဲ ရ ရက်ကနေ ၁၄ ရက် အထိတိုးပေးတယ်။ အရင်က မိုင်းလားအဝင် လူတယောက် တရုတ်ယွမ်ငွေ ၅၀ နဲ့ ကားတစီးယွမ်ငွေ ၁၀၀ ကောက်တယ်။ အခုလဲ အဲလောက်ဘဲကောက်မယ်ထင်တယ်” ဟု မိုင်းလားမြို့ဒေသခံ စိုင်းယီ့က ပြောသည်။
မိုင်းလားအဝင် တာ့ပင်းတံတားဂိတ်(ဓါတ်ပုံ- အန်းတိုင်း၊ သျှမ်းသံတော်ဆင့်)
သို့သော် မိုင်းလားသို့အလည်သွားသည့် တရုတ်၊ ထိုင်းဧည့်သည်များ ကျိုင်းတုံ၌ တညနားရမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု ဆိုသည်။
“ ရန်ကုန် မန္တလေးဘက်က ဧည့်သည်တွေလဲ ထို့နည်းတူ သွားလာလည်ပတ်နိုင်ပါတယ်။ ကျနော်တို့ဆီမှာ လည်ပတ်ဖို့က တရုတ်နယ်စပ်နဲ့ ထတ်လုံဆောင်မိန်းပုထိုးတော်ကြီးရှိမယ်၊ နောက်ပြီး မိကျောင်းမွေးမြူရေးကန်၊ ဆင်မွေးမြူရေး၊ ဝက်ဝံခြံ၊ ညဈေးနဲ့ မူးယစ်ဆေးဝါးပြတိုက်စတဲ့ လည်စရာပတ်စရာ လေ့လာကြည့်ရှုစရာတွေရှိတယ်။ ဒါ့အပြင် တခြားသော စိုက်ပျိုး ရေးခြံတွေလဲရှိတယ်” ဟု ဆိုပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ထိုစဉ်ကစစ်အစိုးရ ဖိအားပေးခဲ့သောကြောင့် အသွင်ပြောင်းရေးလက်မခံသည့် မိုင်းလားအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား စစ်ရေးတင်းမာသဖြင့် နိုင်ငံခြားသားများ၏ ခရီးသွားလာလည်ပတ်မှုကို မြန်မာအစိုးရက ၂၀၁၀ နိုဝင်ဘာ ၂၃ ရက်က ပိတ်လိုက်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ချွန်လစ်ပိုင်၏အလည်အပတ်ခရီးစဉ်ကြောင့် ၂၀၁၁ ဖေဖော်ဝါရီ ၆ ရက် က ခရီးသွား ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများကို မြန်မာဘက်က ထပ်မံပိတ်လိုက်ရာမှ ပြီးခဲ့သည့် တနင်္လာနေ့က တရားဝင် ပြန်လည်ဖွင့်လှစ်ကြောင်း အစိုးရဖက်မှ ထိုင်းအာဏာပိုင်နှင့် ထိုင်းခရီးသွားများထံ တိုက်ရိုက်အကြောင်းစာပေးပို့ ခဲ့သည်။
စိုင်းလင်းခေါင်းဆောင်သည့် မိုင်းလားတပ်ဖွဲ့သည် အစိုးရနှင့် စက်တင်္ဘာ ရ ရက် ၂၀၁၁ ပြည်နယ်အဆင့် (ပဏာမ) သဘောတူညီချက်အပြင် အောက်တိုဘာ ၉ ရက် ၂၀၁၁ ၌ ပြည်ထောင်စုအဆင့် ထပ်မံသဘော တူညီမှုရရှိထားသည့် အဖွဲ့ ဖြစ်သည်။
မေ ၁၀ ရက် ၂၀၁၂ သမ္မတ ဦးသိန်းစိန် နှင့် မိုင်းလားခေါင်းဆောင်တို့ ကျိုင်းတုံ၌ တွေ့ဆုံစဉ် ခရီးသည်များ ကျိုင်းတုံတွင် တစ်ညအိပ်ရန် သဘောတူပါက ကျိုင်းတုံ - မိုင်းလားလမ်း ဖွင့်လှစ်ပေးပါမည်ဟု သမ္မတကြီးက ပြောကြားဖူးပါသည်။