သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ရွှေဖြူတူးဖော်မှုကြောင့် ဒေသခံလူထု နေထိုင် စားသောက်မှု အခက် အခဲဖြစ်ကာ စီမံကိန်းဆက်လက်တိုးချဲ့လာပါက ဒေသခံများ ပိုမိုထိခိုက်လာ နိုင်ကြောင်း လားဟူအမျိုးသမီးအဖွဲ့(LWO) က ပြောပါသည်။
“မိုင်းကိုးကျေးရွာအုပ်စုတခုထဲမှာဘဲ ရွှေဖြူတူးဖော်တာ ရွာပေါင်း ၈ ရွာက ဆိုးကျိုးတွေ ခံစားနေရ တယ်။ လယ်ယာခြံလည်း မလုပ်နိုင်တဲ့အတွက် ၀မ်းစာအတွက် ခက်ခဲလာတယ်။ တာလေ၊ ပါလျောင်း၊ ကျိန်းလပ်တို့ ဘက်အထိ ဆက်တိုးချဲ့ သွားမယ် ဆိုရင်တော့ ဒေသခံတွေ ပိုထိခိုက်လာ မယ်။”
တာချီလိတ်မြို့ မြောက်ဘက် ၁၃ ကီလိုမီတာ( ၈ မိုင်ခန့်)အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုကြောင့် ရွာပေါင်း ၈ ရွာ(လားဟူ၊ အခါ၊ သျှမ်း) ၊ အိမ်ခြေ ၃၉၃ အိမ်၊ လူဦးရေ ၂၀၀၀ ခန့်ဆိုးကျိုးခံ စားရပြီး အနည်းဆုံး လယ်မြေဧက ၉၂ ဧက ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဒေသခံများ၏ လယ်မြေများကိုလည်း ကုမ္မဏီက စျေးနှိမ်ဝယ်ယူကြောင်း၊ တချို့ခြံများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် လိုက်သောကြောင့် ခြံပိုင်ရှင်များ လုပ်ကိုင်ခွင့်မရတော့ကြောင်း ဆိုပါသည်။
“ရွှေဖြူလာတူးတာ ဒေသခံတွေအတွက် ဘာမှအကျိုးမရှိဘူး။ လေးလံတဲ့ ၀န်တွေကို သယ်ဆောင် တဲ့ ကားကြီးတွေကြောင့် လမ်းလည်းပျက်၊ သွားလာဖို့ အရမ်းခက်တယ်။ ကုမ္မဏီတွေက မြေပြန့်ဒေသက အလုပ်သမားတွေကို ခေါ်လာတယ်။ ဒေသခံ အမျိုးသားတွေ အလုပ်သွားတောင်းလုပ် လည်း မပေးဘူး။ သစ်တောတွေ ပြုန်းတီးတာကြောင့် အမျိုးသမီး တွေလည်း သစ်ဥမြစ်ဥ သွားမရှာနိုင်လို့ ၀မ်းစာအတွက် ပိုခက်ခဲလာတယ်” ဟု ပြောပါသည်။
ရွှေဖြူလာရောက်မတူးမီ အမျိုးသမီးများက တောထဲ၌ သစ်ဥမြစ်ဥ ရှာဖွေရောင်းချကာ ၀မ်းစာအတွက်၊ ကလေး ပညာ ရေး အတွက် လုပ်ကိုင်စားသောက်ကြကြောင်း၊ ယခုအခါ အမျိုးသမီးများမှာ မိသားစုအတွက် ပြည့်တန်ဆာ အလုပ်လုပ် ကိုင် နေကြရကြောင်း၊ ရွာပေါင်း ၈ ရွာမှ အမျိုးသမီးငယ် ၃၀%မှာ ပြည့်တန်ဆာဘဝ ရောက်နေကြရကြောင်း ဆို၏။
ရွှေဖြူတူးဖော်မှုမှ ညစ်ညမ်းရေများ ချောင်းထဲသို့ စီးဝင်သောကြောင့် ဒေသခံလူထုမှာ ချောင်းရေမသုံးနိုင် ကြောင်း လားဟူအမျိုးသမီးအဖွဲ့မှ မအေးမြင့် က ဤကဲ့သို့ ပြောပါသည်။
“ချောင်းရေညစ်ညမ်းလာတာကြောင့် အမျိုးသမီးတွေ ချက်ပြုတ်စားသောက်ဖို့ ရွာကနေ နာရီဝက် လောက် သွားရတဲ့နေရာမှာ ရေပုံးသယ်ပြီး ရေသွားထမ်းရတယ်။ အရင်တုန်းကဆို ကလေးတွေ နေ့ခင်းဘက် အိပ်ချိန်ဆိုရင် အိမ်မှာနေပြီး အဝတ် လျှော်လို့ ရတယ်။ အခုတော့ကလေးကို ကျောပိုးပြီး နာရီဝက်လောက် သွားရတဲ့ နေရာတွေမှာ သွားလျှော်ရတယ်။”
ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲကို ကုမ္မဏီထံသို့ သွားရောက်တိုင်ကြားလျှင် မိမိတို့သည် တရားဝင် ခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်း၊ စီမံကိန်းအတွက်လည်း များစွာရင်းနှီးမြှုပ်နှံ ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများ တခြားနေရာသို့ ပြောင်းရွှေ့ခြင်းသည် ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ် ကြောင်း ကုမ္မဏီမှ ပြန်ပြောသည်ဟု ဆို၏။
၂၀၀၇ ခုနှစ်မှစ၍ စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင်၊ ဟိန်းလင်စံ၊ စံပါရမီ၊ ၀ဏ္ဏသိန်းသန်းကုမ္မဏီက ရွှေဖြူတူးဖော်ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေး ကုမ္မဏီ ၁၅ ခု ရှိလာ ပြီဖြစ်ကြောင်း၊ ရွှေဖြူကုန်ကြမ်း ၁ တန်ကို ဒေါ်လာ ၃၀၀ ရရှိကြောင်း သိရှိရသည်။
လားဟူ အမျိုးသမီးအစည်းအရုံး (LWO) ကို ၁၉၉၇ တွင် တည်ထောင်ခဲ့ပြီးနောက် “ ရွှေဖြူအတွက် သိမ်းယူခြင်း” အစီရင်ခံစာကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် တင်ပြသွားခြင်းဖြစ်ပါသည်။