တရုတ်နယ်စပ် လိုင်ဇာမြို့ အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက် ရန် မြန်မာစစ်တပ်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော် ဇောက သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။
ဧပြီလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တိုင်းရုံး၌ ရမခ၊ မပခစစ်တိုင်းမှူးများနှင့် ကစထမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင် ပါ၀င်တက်ရောက်သည့် စစ်ဆင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်မှ စစ်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည့်အပေါ် ယခုလိုသုံးသပ်၍ ပြောဆိုခြင်း ဖြစ်သည်။
“ရရှိထားတဲ့ အခြေအနေတွေပေါ်က စဉ်းစားရင် မကြာခင်အချိန်အတွင်းမှာ ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ မပခ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပူးတွဲပြီး လိုင်ဇာ ပဲဖြစ်ဖြစ် မိုင်ဂျာယန်ပဲဖြစ်ဖြစ် KIA လွတ် မြောက် ဒေသ စခန်းတစ်ခုခုကို ထိုးမဲ့ စစ်ဆင်ရေးမျိုးလုပ်လာမယ်လို့ ယူဆတယ် ” ဟု သူကဆိုသည်။
ယခုရက်ပိုင်း မြန်မာအစိုးရတပ်များ ဗန်းမော်မြို့သို့ ရေလမ်းမှတဆင့် ပို့ဆောင်နေပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် လည်း သွေးလှူကြရန် လှုံ့ဆော်နေခြင်းမှာ ထိုးစစ်ဆင်မည့် လက္ခဏာဖြစ်ကြောင်း သူက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးပြုလုပ်မည့် အချိန်မှာ လက်ရှိမြန်မာနိုင်ငံ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း ပြန်လည်ထွက်ခွာမည့် အချိန်နှင့် ဒုသမ္မတ ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO တို့ ဆွေးနွေးပွဲ မဖြစ်မှီစပ်ကြား အချိန်ကိုက် ပြုလုပ်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။
KIO ဋ္ဌာနချုပ်လိုင်ဇာမြို့အား သိမ်းပိုက်ရန် အစီအစဉ်မရှိဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ရထားပို့ ဆောင် ရေးဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့က အတည်ပြု ပြောကြားထားသည့်တိုင် စစ်ရေးအစီအစဉ်မှာအဆို ပါ ပြောဆိုမှုနှင့် ကွဲလွဲနိုင်သည်ဟု ဆိုသည်။
“ကျနော့ အမြင်ကတော့ ဒီဆွေးနွေးပွဲ မဖြစ်ခင်စပ်ကြားမှာ KIA ကို အပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပုံရတယ် ပြီးခဲ့ တဲ့ ပန်ဝါမှာ သတ်ဖြတ်မှုတို့ မီးရထားလမ်းမိုင်းကွဲမှုတွေကို အစိုးရသတင်းစာထဲမှာ KIA လုပ်တယ်လို့ ပြော ထားတယ် ပြီးခဲ့တဲ့ အောင် ဇေယျ စစ်ရေးလေ့ကျင့်မှုထဲမှာလည်း KIA နဲ့ပတ်သက်တာ ၂ ခု ၃ ခုပါတယ် လက်ရှိမှာလည်း အမြောက်တွေနဲ့ပစ်ပြီး ခြိမ်းခြောက်နေတယ် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မြင်တယ် ” ဟု သူက ဆက်ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း KIAနှင့် အစိုးရတပ်တို့ နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဒုက္ခသည် ဦးရေလည်း ထပ်တိုးလာနေကြောင်း သိရသည်။