SSPP/SSA အား စစ်ဝတ်စုံအပြည့်ဖြင့် မတွေ့လိုဟု စကခ ၁၆ မှူးပြော

SSPP/SSA အား စစ်ဝတ်စုံအပြည့်ဖြင့် မတွေ့လိုဟု စကခ ၁၆ မှူးပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်အား စစ်ဝတ်စုံအပြည့်ဖြင့် လှုပ်ရှားသွားလာသည်ကိုမတွေ့လိုကြောင်း မြန်မာအစိုးရ၏ စကခ ၁၆ က ပြောကြားလိုက်သည်ဟု နီးစပ်သည့် လားရှိုးဒေသခံတဦး ကပြောသည်။

SSPP/SSA တပ်သားများ(ဓါတ်ပုံ- SSPP/SSA)
“လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့ သျှမ်းစစ်သားတွေ စစ်ဝတ်စုံအပြည့်နဲ့ မမြင်ချင်ဘူး လို့ပြောတယ်။ ဆိုလိုတာက ဌာနချုပ်ဖက်ကိုဆုတ်ပေါ့။ တကယ်တော့ သျှမ်းစစ်သားတွေက မြို့ထဲလဲမလာ ဘူး။ ကားလမ်းမှာတောင် မတွေ့ ဘူး” သိန္နီမြို့နေ ဒေသခံအမျိုးသားတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA အား ၎င်းလှုပ်ရှားနေသည့် ဒေသအတွင်း စစ်ဝတ်စုံအပြည့်နှင့်မတွေ့လို မမြင်လိုဟု စကခ ၁၆ မှူး ဗိုလ်မှူးကြီး နေဝင်းအောင်က ယခင်အပတ်က လက်အောက်ခံတပ်မှူးများအားပြော ကြားကြောင်း တပ်တွင်းနှင့် နီးစပ်သူ သိန္နီဒေသခံ တဦးကလဲ ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်မှ တပ်မှူးတဦးက- “ ကျနော်တို့ ရောက်တဲ့နေရာမှာဘဲဆက်လက် လှုပ်ရှား သွား မယ်။ ဗဟိုကနေ တပ်ဆုတ်ဖို့ အမိန့်မချမချင်း လုံးဝဆုတ်မှာမဟုတ်ဘူး” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

ပြည်နယ်အဆင့် ပထမ ဆွေးနွေးပွဲတွင် တက်ရောက်လက်မှတ်ထိုးခဲ့သည့် SSA တောင်ပိုင်း ဗိုလ်မှူးချုပ်စိုင်းလူးကလည်း “ စစ်ဝတ်စုံဝတ်ရမယ်၊ မဝတ်ရဘူးကိစ္စဟာ ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မရှိသေးတော့ နောက်ထပ်ကျင်းပမယ့် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးသွားရပါလိမ့်မယ်” ဟု ပြောကြားသည်။

ဧပြီလ ၂၄ ရက် ကလည်း အရှေ့မြောက်ပိုင်းတိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးဝင်းသိန်း  က စိန်ကျော့ဘက်သို့ မြန်မာစစ်တပ်မှ စစ်ကြောင်းထွက်မည် ဖြစ်သဖြင့် SSPP/SSA မှ  စစ်ဝတ်စုံဝတ်သွားလာလှုပ်ရှားခြင်းမပြုရန် အမိန့်ထုတ်ဆင့်ဆိုခဲ့၏။

သို့သော်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် မည်သို့ပင်ရေး ထိုးစေကာမူ တဖက်လှုပ်ရှားနယ်မြေအတွင်း တခြားတဖက်ကသွားလာလှုပ်ရှားပါက ပစ်ခတ် တိုက်ခိုက်ရမည်မှာဖြစ်ကြောင်း   ကျောက်မဲ အခြေစိုက် စကခ(၁)မှူး က လည်းပြောဆိုခဲ့၏။ SSPP/SSA တွင် တပ်မဟာ ၈ ခုရှိပြီး သျှမ်းပြည် မြောက်ပိုင်း၌ ၃ ခု၊ သျှမ်းပြည်တောင်ပိုင်း၌ ၅ ခု ထားရှိသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ခေါ် SSPP/SSA နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဂျန္နဝါရီ ၂၈ ရက်၌ အပစ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသည့် SSA  အရာရှိ တဦးက ပြောပြသည်။