လူထုနှင့်နယ်မြေကိုကာကွယ်ဖို့ အင်အားလုံလောက်သည်ဟု UWSA ဒု- စစ်သေနာပတိချုပ်ပြော

လူထုနှင့်နယ်မြေကိုကာကွယ်ဖို့ အင်အားလုံလောက်သည်ဟု UWSA ဒု- စစ်သေနာပတိချုပ်ပြော
by -
သျှမ်းသံတော်ဆင့်

မြေပြင်မှဖြစ်စေ ဝေဟင်မှဖြစ်စေ လူထုအပေါ်ကျမည့်ဘေးအန္တရာယ်အသွယ်သွယ်အား တပ်မဟာ ၄၆၈ က အကာအကွယ် ပေးနိုင်သည်ဟု ၀ ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၂၃ နှစ်ပြည့်အခမ်းအနား၌ ဒုတိယ စစ်သေနာပတိချုပ်က ပြောကြောင်း အခမ်းအနားတက်ရောက်သူ ကျိုင်းတုံဒေသခံတဦးကပြောသည်။

ငြိမ်းချမ်းရေးနှစ် ၂၀ ပြည့်အခမ်းအနားက မြို့တော်ပန်ဆန်း၌ စစ်ရေးပြနေသည့် ၀ တပ်မတော်သားများ
“ အဲဒီအခမ်းအနားမှာ သံချပ်ကာကား ၅ စီး အပြင် အမြောက်တင်ကားတွေ၊ လက်နက်ကြီးတွေလဲပြထား တယ်။ ဝ နယ် တိုင်းရင်းသား ၁၆ မျိုးနွယ်နဲ့အတူ စစ်အင်အား ၃၀၀၀ ထက်မနည်း စစ်ရေးပြ ချီတက်ပြီးတော့ ဥက္ကဌကြီးကို အလေးပြု တယ်။ ဒုတိယ စစ်သေနာပတိချုပ်  ကျောက် ကျုံးတန်း က လူထုအနေနဲ့ မြေပြင်ကဘေး၊ ဝေဟင်က ဘေးအန္တရာယ်ကို မကြောက်ဖို့နဲ့ တပ်မဟာ ၄၆၈ က လူထုကို ကောင်း ကောင်းအကာအကွယ်ပေးနိုင်တယ်ဆိုတဲ့အားပေးစကားပေါ့ ပြောသွားတယ်” ဟု မိုင်းပေါက်ရောက် ကျိုင်းတုံဒေသခံ စိုင်းဆိုင်က ပြောသည်။

၁၉၈၉ ဗကပမှခွဲထွက်ကာ အစိုးရနှင့် ငြိမ်းချမ်းရေးယူသည့် ၀ ပြည်သွေးစည်းညီညွတ်ရေး၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား ကို ယခုလ ၁၇ ရက်က တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်မြို့နယ်ခွဲ၌ ကျင်းပရာ ဒုတိယ စစ်သေနာ ပတိချုပ်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ် သည်။

ကျောက်ကျုံးတန်းအပြင် တိုင်းရင်းသား လူမျိုးပေါင်းစုံကိုယ်စားလှယ်နှင့် အထူးဧည့်သည်တော်များကိုယ်စား မိုင်းလား ဒုဥက္ကဌ တို့က မိန့်ခွန်းများပြောကြားခဲ့ကြောင်း စိုင်းဆိုင်ကပြောသည်။

“ အပစ်ရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေ မိမိနယ်မြေနဲ့လူထု တွေကို ကာကွယ်ဖို့ အမြဲတမ်းအသင့်ရှိနေတယ် - လို့ ကျောက်ကျုံးတန်းက ပြောပါတယ်” ဟု စိုင်းဆိုင်က ပြောသည်။

အဆိုပါအခမ်းအနား၌ တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပြီး ဥက္ကဌကြီး ပေါက်ယူချမ်းနှင့်အတူ နေရာယူကာ စစ်ချီရေးအဖွဲ့များအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ မြန်မာအာဏာပိုင်ဘက်ကမူ တက်ရောက်ခြင်းမရှိကြောင်း၊ သို့သော် မိုင်းခတ်  ဗျူဟာမှူး လက်အောက်ခံ အရာရှိများ၊ တပ်သားများက အရပ်ဝတ်ဖြင့် ပွဲတက်ရောက်လာသည်ကို မျက်မြင်တွေ့သူများရှိကြောင်း ၀ တပ်ဖွဲ့အတွင်းမှ အရာရှိတဦးကလည်း ပြောသည်။

အခမ်းအနား၌ ပြသထားသည့် သံချပ်ကာ ကား ၅ စီးအပြင် မိုင်းယန်း၊ ပန်ဆန်း တို့၌လည်း ရှိသေးကြောင်း ၊ အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းနှင့် သံချပ်ကာကားများမှာ တရုတ်ပြည်မှ ဝယ်ယူထားသော ကားများဖြစ်ကြောင်း ၀ တပ်ဖွဲ့ အရာရှိများ သတင်းရပ်ကွက်က ဆိုပါသည်။

တပ်မဟာ ၄၆၈ ဌာနချုပ်ရှိ မိုင်းပေါက်မြို့နယ်ခွဲအား နေပြည်တော်အစိုးရက မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စု တခုအဖြစ် သတ်မှတ်ထားပြီး ဝ တပ်ဖွဲ့များ ဆုတ်ခွါပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော် ဝ တပ်ဖွဲ့မှာမူ မိုင်းပေါက် အား ခရိုင်အဆင့်သတ်မှတ်ထားပြီး ဘိုးစဉ်ဘေးဆက်နေထိုင်လာသည့် နေရာဖြစ်သည့် အတွက် တပ်မရုပ်နိုင်ကြောင်း အစိုးရဘက် တောင်းဆိုတိုင်း ထိုကဲ့သို့သာငြင်းဆိုခဲ့ပါသည်။