SWAN ၁၃ နှစ်ပြည့် လုပ်ခဲ့သည့်လုပ်ငန်းများနှင့် ရင်ဆိုင်ရသည့်အခက်အခဲများပြော

SWAN ၁၃ နှစ်ပြည့် လုပ်ခဲ့သည့်လုပ်ငန်းများနှင့် ရင်ဆိုင်ရသည့်အခက်အခဲများပြော
by -
သျှမ်းသံတော်ဆင့်

မတ်ခ်ျ ၂၈ ရက် ဗုဒ္ဓဟူးနေ့က သျှမ်းအသမီးမျိုးဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း ခေါ် SWAN – Shan Women Action Network  ဖွဲ့စည်းလာခဲ့သည်မှာ ၁၃ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပသည့် အခမ်း အနား၌ လုပ်ငန်းများ အောင်မြင်ဖို့ ပံ့ပိုးပေးသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများအားကျေးဇူးတင်ကြောင်း၊ အနာဂတ် ဆက်လက်ရပ်တည်နိုင်ရေး အတွက် လက်ရှိနိုင်ငံရေးအပြောင်းအလဲကြောင့် အကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိကြောင်းပြောပါသည်။

SWAN ၁၃ နှစ်ပြည့်အထိမ်းအမှတ် အခမ်း အနား (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
“ကျမ တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲရှိလာပြီလို့ပြောပေမယ့်၊ အစိုးရ တပ်တွေက အင်အားတိုးဖြည့် နေတယ်၊ တိုက်ပွဲတွေလဲဖြစ်နေတယ်။ သျှမ်းလူထု လည်း လူ့အခွင့်အရေးကျူးလွန်ခံနေရဆဲ၊ ထွက်ပြေး တိမ်းရှောင်နေရဆဲ၊ ကျမ တို့သျှမ်းအမျိုးသမီးအနေနဲ့လဲ အဲဒီဒုက္ခသည်တွေအတွက် နေရေးထိုင်ရေး၊ ကျန်းမာရေးအပါဝင် ပညာရေး ကဏ္ဌတွေဘက်မှာ ဆက်လက်ပံ့ပိုးနေရဆဲပါပဲ” - ဟု တာဝန်ခံ နန်းဆိုင်မွန်း ကပြောပါသည်။

သျှမ်းအမျိုးသမီးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးကွန်ယက် (SWAN)သည် ထိုင်းနယ်စပ်တလျှောက် အခြေခံပညာအဆင့် ကျောင်း ၁၅ ကျောင်း၊  ကလေးလက်ခံကျွေးမွေးရေး ဌာန ၄ ခု၊ သျှမ်းပြည်အတွင်း မွေးကင်းစ  ကလေးငယ်များ လက်ခံကျွေးမွေးရေး အဆောင် ၆ ခု၊ မူလတန်း အဆင့် စာသင်ကျောင်း ၉ ခု ကလေးသူငယ် နှစ်ထောင်ကျော်၊ မွေးကင်းစ ခလေး ၄၀၀ ကျော် အား ပြုစုပျိုးထောင်ရာတွင် ပံ့ပိုးမှု ပေးနေကြောင်း၊ အဆို ပါလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ယခုသွားမည့် ဘတ်ဂျတ်နှစ်မှာပင် အခက်အခဲ စတင်ကြုံ တွေ့နေရေကြောင်း အခမ်းအနား၌ ပြောပါသည်။

“ကျမတို့အနေနဲ့ ဒီနှစ် 2012 – 2013 ဘတ်ဂျတ်နှစ်အတွက် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ ဘတ်ဂျတ် လျာထားချက် အားလုံးရဲ့ ၂၀% လောက်ဘဲရှိတယ်။ စေတနာရှင် တွေအနဲ့ ကျမတို့နိုင်ငံရဲ့ တကယ်ဖြစ်ပျက် နေတဲ့ အခြေ အနေကို သိရှိနားလည်သင့်တယ်။ ကျမတို့မှာလေ - တနှစ်အတွက် ကလေး တယောက် ပျမ်းမျှ အသုံးစရိတ် က အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ်ငွေ ၃၀၀၀ ခန့်နှင့် ညီမျှသည့် မြန်မာကျပ်ငွေ တစ်သိန်းနီးပါး န့်) လောက် ရှိတယ်” - ဟု ဆက်၍ ပြောပါသည်။

သျှမ်းအမျိုးသမီးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းသည်   ပညာရေးပိုင်းဆိုင်ရာပံ့ပိုးပေးမှုတွင် - အ ထောက်အပံ့ပစ္စည်းဖူလုံမှုရှိရေး၊ ကျောင်းဆရာ ဆရာမများ ဝိုင်းဝန်းပံ့ပိုးပေးသူများအတွက် ထောက်ပံ့ရေး၊ စားရေးသောက်ရေးအပါဝင်  အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးမည့်  ကျောင်းသားလူငယ် ၁၀၀ ယောက် ကျော်အား ကူညီပေးပို့လျက်ရှိ၏။

လက်ရှိ သျှမ်းအမျိုးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ကို အထောက်အပံ့ပေးနေသည့် အဖွဲ့အစည်း များမှာ Burma Life Line (BLL) , Danish Burma Committee (DBC), Department for International Development (DFID), Help Without Frontiers (HWF) , Community Partners International (CPI) တို့ဖြစ်သည်။

Most read this week