မတ်ခ်ျ ၂၈ ရက် ဗုဒ္ဓဟူးနေ့က သျှမ်းအသမီးမျိုးဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း ခေါ် SWAN – Shan Women Action Network ဖွဲ့စည်းလာခဲ့သည်မှာ ၁၃ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပသည့် အခမ်း အနား၌ လုပ်ငန်းများ အောင်မြင်ဖို့ ပံ့ပိုးပေးသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများအားကျေးဇူးတင်ကြောင်း၊ အနာဂတ် ဆက်လက်ရပ်တည်နိုင်ရေး အတွက် လက်ရှိနိုင်ငံရေးအပြောင်းအလဲကြောင့် အကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိကြောင်းပြောပါသည်။
“ကျမ တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲရှိလာပြီလို့ပြောပေမယ့်၊ အစိုးရ တပ်တွေက အင်အားတိုးဖြည့် နေတယ်၊ တိုက်ပွဲတွေလဲဖြစ်နေတယ်။ သျှမ်းလူထု လည်း လူ့အခွင့်အရေးကျူးလွန်ခံနေရဆဲ၊ ထွက်ပြေး တိမ်းရှောင်နေရဆဲ၊ ကျမ တို့သျှမ်းအမျိုးသမီးအနေနဲ့လဲ အဲဒီဒုက္ခသည်တွေအတွက် နေရေးထိုင်ရေး၊ ကျန်းမာရေးအပါဝင် ပညာရေး ကဏ္ဌတွေဘက်မှာ ဆက်လက်ပံ့ပိုးနေရဆဲပါပဲ” - ဟု တာဝန်ခံ နန်းဆိုင်မွန်း ကပြောပါသည်။
သျှမ်းအမျိုးသမီးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးကွန်ယက် (SWAN)သည် ထိုင်းနယ်စပ်တလျှောက် အခြေခံပညာအဆင့် ကျောင်း ၁၅ ကျောင်း၊ ကလေးလက်ခံကျွေးမွေးရေး ဌာန ၄ ခု၊ သျှမ်းပြည်အတွင်း မွေးကင်းစ ကလေးငယ်များ လက်ခံကျွေးမွေးရေး အဆောင် ၆ ခု၊ မူလတန်း အဆင့် စာသင်ကျောင်း ၉ ခု ကလေးသူငယ် နှစ်ထောင်ကျော်၊ မွေးကင်းစ ခလေး ၄၀၀ ကျော် အား ပြုစုပျိုးထောင်ရာတွင် ပံ့ပိုးမှု ပေးနေကြောင်း၊ အဆို ပါလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ယခုသွားမည့် ဘတ်ဂျတ်နှစ်မှာပင် အခက်အခဲ စတင်ကြုံ တွေ့နေရေကြောင်း အခမ်းအနား၌ ပြောပါသည်။
“ကျမတို့အနေနဲ့ ဒီနှစ် 2012 – 2013 ဘတ်ဂျတ်နှစ်အတွက် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ ဘတ်ဂျတ် လျာထားချက် အားလုံးရဲ့ ၂၀% လောက်ဘဲရှိတယ်။ စေတနာရှင် တွေအနဲ့ ကျမတို့နိုင်ငံရဲ့ တကယ်ဖြစ်ပျက် နေတဲ့ အခြေ အနေကို သိရှိနားလည်သင့်တယ်။ ကျမတို့မှာလေ - တနှစ်အတွက် ကလေး တယောက် ပျမ်းမျှ အသုံးစရိတ် က အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ်ငွေ ၃၀၀၀ ခန့်နှင့် ညီမျှသည့် မြန်မာကျပ်ငွေ တစ်သိန်းနီးပါး န့်) လောက် ရှိတယ်” - ဟု ဆက်၍ ပြောပါသည်။
သျှမ်းအမျိုးသမီးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းသည် ပညာရေးပိုင်းဆိုင်ရာပံ့ပိုးပေးမှုတွင် - အ ထောက်အပံ့ပစ္စည်းဖူလုံမှုရှိရေး၊ ကျောင်းဆရာ ဆရာမများ ဝိုင်းဝန်းပံ့ပိုးပေးသူများအတွက် ထောက်ပံ့ရေး၊ စားရေးသောက်ရေးအပါဝင် အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးမည့် ကျောင်းသားလူငယ် ၁၀၀ ယောက် ကျော်အား ကူညီပေးပို့လျက်ရှိ၏။
လက်ရှိ သျှမ်းအမျိုးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ကို အထောက်အပံ့ပေးနေသည့် အဖွဲ့အစည်း များမှာ Burma Life Line (BLL) , Danish Burma Committee (DBC), Department for International Development (DFID), Help Without Frontiers (HWF) , Community Partners International (CPI) တို့ဖြစ်သည်။