နာမည်ကြီးပါတီကြီးများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် မိမိကိုယ် ကိုယုံကြည်မှု ရှိကြောင်း ကလောမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်ဝင် ရောက်ယှဉ် ပြိုင်မည့် စဝ်သာဦးက ပြောပါသည်။
“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးကသိတဲ့ပါတီ။ ထောက်ခံ မှုအများကြီးရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်းမှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်းစား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေသမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လို အပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကိုသိနေတယ်။ ဒီအတွက် အောင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်” ဟု စဝ်သာဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ် သောင်းသောင်းဖြဖြ ရှိသည်ကိုကြည့်ခြင်းအားဖြင့် မိမိအနေနှင့် အင်တိုက် အားတိုက် ကြိုးစားရမည်ဟု သိရကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာ ကလော၌ ဝင်ရောက် ယှဉ်ပြိုင် မည်ဆိုပါက မိမိအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သာ ထောက်ခံအားပေးမည် ဖြစ်ကြောင်း စဝ်သာဦးက ဆက်လက်ပြောပြသည်။
“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နာမည်ကြီးပုဂ္ဂိုလ်လေ။ ကျနော်တို့ထက်လဲ အများကြီးလုပ်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူမသာ ဒီမှာလာပြိုင်မယ်ဆိုရင် ကျနော်က ထောက်ခံအားပေးမယ့်သူဘဲလုပ်တော့မယ်။ အခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဟုတ်တဲ့ခါကျတော့ ကျနော်က ကြိုးစားနေတာဖြစ်ပါတယ်။ အဓိကကတော့ လူထုကနေ - ပေါ်ပြူလာဖြစ်တဲ့ ပါတီကို မရွေးမိဖို့၊ မိမိအရေး ဒေသတွင်းအရေး ကောင်းကျိုးဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်ကို ရွေးချယ်မဲထည့်ပေးဖို့ မမေ့ကြ ပါနဲ့လို့ ပြောချင်ပါတယ်” ဟု လည်းဆိုပါသည်။
ကလော၊ အောင်ပန်း နှင့် ဟဲဟိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၌မဲပေးပိုင်ခွင့်ရှိသူစာရင်း ကိုးသောင်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ပါတီ ရှိသည်။ ၎င်းတို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါသည်။