ခြိမ်းခြောက်စကားရုပ်သိမ်းခြင်းမပြုက မဲဆန္ဒနယ်မှဖယ်ထုတ်ပေးရန် ကျားဖြူတောင်းဆို

ခြိမ်းခြောက်စကားရုပ်သိမ်းခြင်းမပြုက မဲဆန္ဒနယ်မှဖယ်ထုတ်ပေးရန် ကျားဖြူတောင်းဆို
by -
သျှမ်းသံတော်ဆင့်

ကြံ့ခိုင်ရေးပါတီအတွက် ဒေသခံလူထုအား မဲဆွယ်စည်းရုံးပေးသည့် မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ကို ခြိမ်းခြောက် စည်းရုံးသည့်စကားများ ရုပ်သိမ်းရေးဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ စာတင်ဖို့ ကျားဖြူ ပါတီက စီစဉ်နေကြောင်း သိရသည်။

မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း
“မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းကနေ ဒေသခံလူထုကို အစည်းအဝေးခေါ်ယူခြိမ်းခြောက်တဲ့ ကိစ္စ။ လက်နက် ကိုင်တပ်ဖွဲ့အနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်တာ မလုပ်သင့်ဘူး။ ဗိုလ်မွန်းကနေ ပြောဆိုခဲ့တဲ့စကားတွေ ပြန်လည်ရုပ်သိမ်းတာတွေမပြုရင်၊ အဲဒီဒေသတွင်းမှာ ရွေးကောက်ပွဲ မကျင်းပဖို့၊ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ပေးဖို့  အဓိကတောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စကားကြောင့် ကျနော်တို့ စည်းရုံးရေးဆင်းဖို့ လုံခြုံရေးအတွက် စိတ်ပူရတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဆီ စာတင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကျနော်တို့ ကျားဖြူပါတီဥက္ကဌကနေလက်မှတ် ရေးထိုးပြီး ဒီကနေ့တင်မှာဖြစ်ပါတယ်” - နေပြည်တော်ရောက် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော် အမတ်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အဆိုပါ စာတင်သွင်းရန် ကျားဖြူပါတီအား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အကြံပေး ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့်လမှစ၍ သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် မန့်ပန်အုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက မိမိထိန်း ချုပ် နယ်မြေအတွင်းမှ ကျေးရွာ၊ အုပ်စု ဥက္ကဌများအားခေါ်ယူကာ ကြံ့ခိုင်ရေးပါတီမှလွဲ၍ တခြားပါတီအား မဲပေးသူကို   ရွာမှနှင်ထုတ်မည်ဖြစ်ကြောင်း၊ နေအိမ်အား မီးရှို့မည်ဖြစ်ကြောင်း ပြောကြားသည့်အပေါ်  ယခုလ ဖေဖော် ဝါရီ ၂၀ ရက်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီက လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ထံသွားရောက် ပြောဆိုဆွေးနွေးသည်ကို မအောင်မြင်ရာမှ ယခုတကြိမ် ပြည်ထောင်စုအဆင့်အထိ တိုင်ကြားရန် ဖြစ်ပေါ် လာခြင်းဖြစ် သည်။

“ပြီးခဲ့တဲ့အပတ်က ကျနော်တို့ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဆီကိုတင်ပြတော့ သူတို့က - ဒါ လက်နက်ကိုင် အဖွဲ့ အစည်းနဲ့ဆိုင်တော့ ကျနော်တို့ဘယ်လိုမှ မကူနိုင်ဘူး။ အထက်အာဏာရှိတဲ့ အဆင့်ဆင့်ဆီကိုဘဲတင်ပြပါလို့ ပြန်ဖြေ လာ တယ်။ အခုတခါတင်ပြမယ့်စာထဲမှာ  - ဒေသခံတွေကို ခြိမ်းခြောက်စည်းရုံးတဲ့စကားတွေကို ဗိုလ်မွန်းကနေ ပြန်ရုပ်သိမ်း ပေးဖို့၊ မရုပ်သိမ်းဘူးဆိုရင် ဗိုလ်မွန်းထိန်းချုပ်နယ်မြေကို အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ပေးဖို့၊  အဲဒီကရတဲ့ မဲပြား တွေကိုလဲ အသိအမှတ်မပြုဖို့ စတာတွေပါတယ် ” ဟုလည်း အဆိုပါ အမတ်က ပြောသည်။

စာကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်တင်ပြမည်ဖြစ်ပြီး မိတ္တူကို မြို့နယ်ကော်မရှင်နှင့် ရမခ တိုင်းမှူးတို့ထံ လည်း ပို့ပေးမည်ဖြစ်ကြောင်း ကျားဖြူပါတီအသိုင်းအဝိုင်းက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မြန်မာစစ်တပ်လက်အောက်ခံ မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း နှင့်အတူ ဗိုလ်ကြီးမွန်းပန်တို့က ဂျန္နဝါရီလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ သူကြီးများအားခေါ်ယူ၍ ခြိမ်းခြောက်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်မွန်းသည် ဒေသခံလူထု၏ သားယောက်ျားလေးများအား တပ်သားသစ်ကောက်ယူ၍ မြန်မာစစ် တပ်ထံပို့ပေး ခဲ့သေးကြောင်း၊ ဂျန္နဝါရီလအတွင်းပင် ဟိုယဒေသခံ၏ သား ၃ ဦးအားတပ်သားသစ်ကောက်ယူ သည့်ကိစ္စ ကျားဖြူပါတီမှ ကူညီဖြေရှင်းပေးရာ တဦးမှာကင်းလွတ်ခွင့်ရသွားပြီဖြစ်သော်လည်း ကျန် ၂ ဦးအ တွက် ဆက်လက်ဖြေရှင်းပေးနေရသေး ကြောင်းလည်း ဒေသအတွင်း ကျားဖြူပါတီအမတ်တဦးက ကပြောပြ ပါသည်။