တရုတ်ပြည်သို့ တင်ပို့မည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးရရှိမှု၌ တူညီမှု မရှိခြင်း၊ မတရားငွေကြေးဖြတ်စားခံရခြင်းနှင့်ပတ်သက်သည့်မေးခွန်းကို ကျားဖြူပါတီ ပြည်နယ် လွှတ်တော်အမတ်က ယမန်နေ့အစည်းအဝေး၌ တင်ပြရာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ငြင်းခုံပြောဆို ခဲ့ရကြောင်း လွှတ်တော်များ သတင်း ရပ်ကွက်ကဆိုပါသည်။
“ နမ္မတူက နန်းခမ်းအေးရဲ့ မေးခွန်းပေါ့။ လယ်ယာမြေ အသိမ်းခံရတဲ့ဒေသခံတွေရဲ့ လျော်ကြေး ရရှိမှုမတူတာ ၊ မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကနေ မတရား ငွေဖြတ်စားခံရတာ စတာတွေကို ခရိုင်ကို ဖြေရှင်းပေးဖို့ ညွှန်ကြားလိုက်ပြီလို့ ဝန်ကြီးက ဖြေတယ်။ ဒါကြောင့် ဒီပြဿနာက ခုထိ မရှင်းသေးဘူး။
လယ်ယာမြေပိုင်ရှင်တွေလဲ ကျေနပ်မှုမရှိသေးဘူး လို့နန်းခမ်းအေးက ပြန်ပြောတော့ ဝန်ကြီးက ဒါ လယ်ယာ မြေပိုင်ရှင်တွေက ကျေကျေနပ်နပ်နဲ့ပေးတာလို့ ပြန်ပြောတာ။ ဒီနေ့မှဘဲ လွှတ်တော်ထဲမှာ နိုးနိုးကြားကြားရှိ တော့တယ်” ဟု အစည်းအဝေးတက်ရောက်သည့် ကျားဖြူအမတ်တဦးက ပြောသည်။
နမ္မတူမြို့နယ်အတွင်း ဂက်စ်ပိုက်လိုင်းဖြတ်သန်း သည့်လယ်ယာမြေပိုင်ရှင်များအား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များ က လယ်မြေတိုင်းတာပေးရာတွင် အမှားအမှားအယွင်းယွင်းရှိသည့်အပြင် အကြောင်းအမျိုး မျိုးပြကာ သတ်မှတ်ပေးသည့် လျော်ကြေးထက်အဆမတန်လျော့နည်းသော ပမာဏဖြင့်ပေးလျော်ကြောင်း အကြောင်းစုံကိုလေ့လာထားသော နမ့်တူ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောသည်။
“စွမ်းအင်ဝန်ကြီး လာကြည့်တုန်းက လျော်ကြေးပေးမယ့် လယ်မြေတွေကို ၃ မျိုး ၃ စားခွဲပြီးပေးမယ်ဆိုပေ မယ့် ဒီက ဒေသခံလူထုကို ကြင်နာသနားသောအားဖြင့် မြေတွေအားလုံးကို ပထမ တန်းစား ( ၂၅ သိန်း) ထားပြီးပေးလျော် သွား မယ်၊ သီးနှံအထွက်နှုန်းကိုလဲ အထွက်တိုးနှုန်းနဲ့ပေးလျော်မယ် ဆိုပေမယ့် တကယ်တမ်း သွားလျော်ပေးတော့ လယ်မြေ အများစုဟာ တတိယတန်းစား ( ကျပ် ၁၅ သိန်း) ထဲမှာထားပြီး လျော်ပေးသွားတယ်။ ဒီအကြောင်း နမ္မတူမြို့နယ် အုပ်ချုပ် ရေးမှူး ဦးညွန့်ဝေကို ကျမသွားမေးကြည့်တော့ သူကလယ်မြေတွေက အညံ့စားတွေ၊ လမ်းမနဲ့လဲဝေးတယ်၊ သီးနှံအတွက် နှုန်းလဲ နည်းတယ် ဒါကြောင့် မို့လို့ပါ လို့ပြောတယ်။ ကျမလဲ အဲဒီလိုသတ်မှတ်တဲ့လယ်တွေက လမ်းမနဲ့ကပ်ရက်ရှိတဲ့ လယ်တွေ လို့၊ ဒီလိုမှညှိလို့မရရင် ကျမလွှတ်တော်ထဲသွားတင်ပြရလိမ့်မယ်လို့ပြောမှ သူတို့က အာ - ပြေလည်အောင် လုပ်ကြတာပေါ့ လို့ပြောလာတယ်။ ဒီဇင်ဘာလတုန်းကလဲ (သျှမ်းပြည်)စိုက်ပျိုးရေးဝန်ကြီး စိုင်းဆာလူက ကွင်းဆင်းဖို့ ခရိုင်ကိုညွှန်ကြား လိုက်ပေမယ့် ခရိုင်က မဆင်းဘဲ မြို့နယ်ကိုထပ်ဆင့်ညွှန်ကြားလိုက်တော့ လျော်ကြေး သိန်း ၂၀ ရမယ့်ဟာတွေကို ၅ သိန်းလောက်ဘဲ ရသွားတယ်လေ။ အဲတာတွေကြောင့် အခု လွှတ်တော်ထဲမှာ ထပ်တင်ပြရတဲ့အထိ ဖြစ်လာတာပါ” ဟု နန်းခမ်းအေးက ပြောပြသည်။
သျှမ်းပြည်နယ်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး စိုင်းဆာလူမှာ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်မှ ကြံ့ခိုင်ရေးပါတီ၏ အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ်ဖြစ်သည်။
ယမန်နေ့က လွှတ်တော်အစည်းအဝေးအပြီး သျှမ်းပြည်ဝန်ကြီးချုပ်ကပင် “ နန်းခမ်းအေးကတော့ ဆည်မြောင်းဝန်ကြီးကို ကြိုးဝိုင်းထဲကနေ အချက်ကျကျ အလဲထိုးနိုင်ခဲ့ပြီ” ဟုတောင်ပြောကြောင်း အမည်မဖော်လိုသည့်လွှတ်တော်အမတ်တဦး ကလည်း သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။
“ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြေပိုင်ရှင်က ကျေကျေနပ်နပ်နဲ့ပေးတယ်ဆိုတဲ့ လွှတ်တော်ထဲက ဝန်ကြီးရဲ့အဖြေကို ကျမက- မှားယွင်းကြောင်းသိသာထင်ရှားနေတဲ့ကိစ္စ ပြေလည်အောင်မဖြေရှင်းပေးနိုင်ရင် လွှတ်တော်နဲ့ ဝန်ကြီးတို့ရဲ့ ဂုဏ်သိက္ခကိုထိခိုက်နိုင်တယ်။ လူထုဆန္ဒကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖော်ဆောင်လိုတယ်ဆိုရင် ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းလေ့လာပါ ဆိုတော့ ဝန်ကြီးက - လုံခြုံရေး အတွက်စိတ်မချလို့ အဖွဲ့သားတွေကို ကွင်းဆင်းဖို့ ညွှန်ကြားလိုက် မယ် လို့ပြောတယ်။ အစည်းအဝေးလဲ ပြီးရော ကျမက ဝန်ကြီးဆီသွားပြီး- လူထုအတွက် တကယ်အကျိုးဖြစ်စေမယ်ဆိုရင် တော့ ဝန်ကြီးကို မှဲ့တပေါက်တောင် မစွန်းစေရပါဘူး။ ဝန်ကြီးကိုယ်တိုင် ဆင်းကြည့်ပါ လို့ ကျမသွားပြောသေးတယ်။ ဝန်ကြီးချုပ် စဝ်အောင်မြတ်တောင်မှ သူ့ကို - ဟုတ်တယ် ဝန်ကြီးဆင်းကြည့်သင့်တယ်လို့တောင်ထပ်ပြောသေးတယ်” ဟု နန်းခမ်းအေး က ဆက်ပြောသည်။
သီပေါမှလာသော ဂက်စ်ပိုက်လိုင်းမှာ နမ္မတူအထိ ရောက်ရှိနေပြီဖြစ်ပြီး နမ့်တူမြို့တွင်းတွင်မူ ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်း ခန့်သာပြီးကြောင်း၊ နမ္မတူမြို့မှ မြောက်ဖက် မိုင်းတတ်၊ မိုင်းဆင်ဖက်သို့ တက်သွားမည့်အလား အလာရှိကြောင်း၊ ၎င်းစီမံ ကိန်း၏ တာဝါတိုင်( ရွှေလီမှလာသော လျှပ်စစ်မီးတိုင်)များအားအမည်မသိအဖွဲ့ များက မကြာခဏ ဖျက်ဆီး ဖြိုချသဖြင့် အလျဉ်မှီမှီ ဆက်မလုပ်ရဲခြင်းဖြစ်ကြောင်း နမ့်တူဒေသခံများကလည်း ပြောပြသည်။
နမ့်တူမြို့နယ်အတွင်း ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့် မြေများအား ၃ မျိုး ၃ စားခွဲ၍ လျော်ကြေးပေးသည်ဟု သိရသည်။ ၎င်းတို့မှာ-
လယ်မြေ ယာမြေ ဥယျာဉ်မြေ
ကျပ်သိန်း ကျပ်သိန်း ကျပ်သိန်း
ပထမတန်းစား - ၂၅ ၁၅ ၂၀
ဒုတိယတန်းစား- ၂၀ ၁၀ ၁၅
တတိယတန်းစား- ၁၅ ၆ ၁၀