သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်ထိန်းချုပ်သည့် တိုက်နယ်၊ အုပ်စုများတွင် ဘိန်းဖြူ၊ ယာဘ သုံးစွဲမှုများပြားလာသည်နှင့် အမျှ ရောင်းဝယ်ဖောက်ကားမှုလည်း များပြားလာကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။
“ယောကျာ်းလေးဆိုရင် ယာဘမသုံးတဲ့လူမရှိဘူး။ ရောင်းဝယ်တာလဲ ပေါ်တင်ဘဲ။ ကျမတို့အိမ်ကို တောင် မှားဝင်လာပြီး ၂ ပြားပေးပါ ၃ ပြားပေးပါ- လို့လာဝယ်တဲ့လူတွေလဲ ခဏခဏဘဲ။ ဆေးမပါလို့ အလုပ်မဖြစ် တော့ဘူး ဖြစ်နေပြီ” လားရှိုးရောက် မိုင်းယော်တိုက်နယ်မှ ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
မိုင်းယော်တိုက်နယ်သည် မန့်ပန်ဌာနေပြည်သူ့စစ် ဗိုလ်မွန်း၏ ထိန်းချုပ်နယ်မြေထဲပါဝင်ပြီး လားရှိုးမြို့အရှေ့ မြောက်ဖက် ၃၂ မိုင်အကွာတွင် တည်ရှိသော တိုက်နယ်တခုဖြစ်သည်။
၂၀၀၅ က သျှမ်းပြည်တပ်မတော် အပစ်ရပ် စဝ်ကန္န မှ မြန်မာစစ်တပ်ထံ လက်နက်ချပြီးနောက်ပိုင်း ဘိန်းခြံတိုး များလာ သကဲ့သို့ သကဆဖ နှင့်ပတ်သက်သော တရုတ်လောပန်းများ၏ ရော်ဘာ၊ လိုင်ချီး၊ သရက်စိုက်ပျိုး မှုလုပ်ငန်းများ၌ အလုပ်သမားများအား ယာဘတိုက်ကျွေးမှုကြောင့် ဆေးစွဲသည့်လူငယ်များတိုးများလာခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်လက် ပြောပြသည်။
“ အစတော့ အလုပ်သမားတွေကို အလကားကျွေးတယ်။ စွဲလာရင် ကိုယ့်ကိုယ်ဝယ်သောက်ခိုင်းတယ်။ လုပ်အားခ (ပုဒ်ပြတ်) တရက် ရ၀၀၀ ကျပ်လောက်ရပေမယ့် အလုပ်မသွက်ရင်တော့ တရက် ၃၀၀၀- ၄၀၀၀ လောက်ဘဲရတယ်။ ရတဲ့လုပ်အား ခက ယာဘဖိုး၊ ဆေးဖိုးတောင်မကာမိဘူး။ တပြား ၁၅၀၀-၂၀၀၀ ကျပ်ခေတ်ကတည်းက အခု တပြား ၄၀၀၀ ကျပ်အထိ ဘဲ။ ခုဆိုရင်ပိုဆိုးတယ်။ ကလေးတွေရဲ့စုဘူးတောင် ပစ်မထားရဲဘူး။ တွေ့သမျှယူသွားပြီး ယာဘနဲ့ လဲစားတော့တာ” မိသားစု ဝင်အတွင်း ဆေးစွဲသူရှိသော အဆိုပါအမျိုးသမီးက ပြောသည်။
သာရေးနာရေးပွဲများ၌ပါ ယာဘမဝေငှပါက ကူညီချက်ပြုတ်ပေးမည့်သူမရှိဟု လည်းပြောပါသည်။
မိုင်းယော်တိုက် အတွင်းပါဝင်သည့် ကွန်ဖြူ၊ ဟိုဟွေ့၊ ပန်ထိုလင်၊ လုံမွန်း ကျေးရွာအုပ်စုအပြင် တခြားသော မိုင်းယန်းကျေး ရွာအုပ်စု၊ ဝမ့်မတ်၊ မိုင်းကြက််၊ မိုင်းဟက်စသော ကျေးရွာ အုပ်စုများ၌ လည်းပါ ယာဘသုံးစွဲ သူများပြားလာသဖြင့် ဒေသခံ များမှာ မိမိသားသမီးများကို ထိုင်းနိုင်ငံသို့ ပို့ဆောင် အလုပ်လုပ်ကိုင်စေကြောင်း ထိုဒေသတဝိုက် လှည့်လည် ဈေးရောင်း သော ကုန်သည်တဦးကလည်းပြော သည်။
“ထိုင်းကိုသွားဖို့ အရင်းအနှီးမရှိတဲ့လူတွေ တခြားဆီက ငွေချေးသွားတယ်။ ၁ သိန်းချေးရင် ၂ သိန်းပြန်ဆပ် အဲလိုမျိုးပေါ့။ ဒါပေမယ့်အခုတော့ ဝုန်းမေတ္တာဆိုတဲ့အဖွဲ့နဲ့ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်း တဲ့ လူ့မှုအသိုင်းအဝိုင်း အသင်းဝင် တွေဆိုရင် ငွေတိုး ချေးလို့ရတယ်။ အတိုးအများကြီးမပေးရဘူးပေါ့။ ကျပ်တစ်သိန်း တစ်လ တစ်ထောင်ဘဲ။ ဒါကြောင့် အစိုးရပြောင်းပြီဆိုပေမယ့် လူတွေက ထိုင်းကိုသွားနေကြ တုန်းဘဲ” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောပြသည်။
မိုင်းယော်တိုက်နယ်အတွင်း ရပ်ကွက် ၅ ရပ်ကွက် နှင့် အိမ်ခြေ ၁၂၀၀ အပြင် ကွန်ဖြူ၊ ဟိုဟွေ့၊ ပန်ထိုလင်၊ လုံမွန်း ကျေးရွာအုပ်စုဝင်ရွာပေါင်း ၁၇ ရွာပါဝင်ပါသည်။
လားရှိုး- နမ့်ပေါင် ကားလမ်း အရှေ့ဘက်ခြမ်းမှ သံလွင်မြစ်ကမ်းအထိ ၊ လားရှိုး-မိုင်းယော်- မိုင်းကြက် ကားလမ်း တောင် ဘက်ခြမ်း တန့်ယန်းမြို့နယ်(လားရှိုး - မိုင်းရယ် - တန့်ယန်း ကားလမ်းမြောက်ဘက်ခြမ်း) အထိနယ်မြေများက ( ၁၉၉၆ ဦးခွန်ဆာ၏ MTA အဖွဲ့ လက်နက်ချပြီးနောက်ပိုင်း) သကဆဖ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင် လူမှုထူးချွန်ဆုရ (ဘိန်းစိုက်ပျိုးမှုကင်းစင်သည်ဟုဆိုကာ နအဖ စစ်အစိုးရမှ အပ်နှင်းသည့်ဆု) ဗိုလ်မွန်း အဖွဲ့က ဒေသခံ လူထုအား ဘိန်းစိုက်ပျိုးခွင့်ပိတ်ပင်ခဲ့သော်လည်း ၎င်းတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ရာဘ၊ မူးယစ်ဆေး ကူးသန်းရောင်း ၀ယ်နေသည်ကို လစ်လျူရှုထားခဲ့သည်။ ထို့ပြင် ဗိုလ်မွန်းသည် ၂၀၀၆ နှစ်နှောင်းပိုင်းမှစ၍ နအဖစစ်အစိုးရအတွက်ဒေသ ခံဆယ် ကျော်သက်အရွယ် ကျေးလက် လူငယ် ၅၀၀ ထက်မနည်း တပ်သားသစ်စုဆောင်းပေးခဲ့ဖူးသည်။ ယခုနှစ်အတွင်း လည်း တပ်သားသစ်များ ထပ်မံစုဆောင်းနေကြောင့် မြန်မာအစိုးတပ်ထံပို့ခံမည်ကို စိုးရိမ်သောကြောင့် လူငယ်များနေရပ်မှ တိမ်းရှောင် နေရသည်ဟုလည်း ဒေသခံများကဆိုသည်။