လားရှိုးမြို့၌လစ်လပ်နေသောအမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီမှ စိုင်းစံမင်း၏ စည်းရုံးရေးခရီးစဉ် အားရဖွယ်ရှိကြောင်း စည်းရုံးရေးဆင်းသူများ အသိုင်းအဝိုင်းက ပြောပါသည်။
“လားရှိုးမြို့ပေါ်မှာတော့ သူစည်းရုံးရေးဆင်းနေတာကြာပြီ။ မြို့ဆင်ခြေဖုံးနဲ့ ကျေးရွာတွေမှာလဲ အိုးစည်ဗုံမောင်းတွေနဲ့ စောင့်ကြိုတယ်။ မန့်ပျဲန့်၊ မဲင်းကျိုင်း ဖက်မှာပေါ့။ အားတက်စရာပါဘဲ” ဟု စိုင်းစံမင်းနှင့် စည်းရုံးရေး လိုက်ပါသူတဦးက ပြောပြသည်။
ကျန်ရှိကျေးရွာနှင့် အုပ်စုများလည်း ကျားဖြူပါတီဝင်များက စည်းရုံးရေးဆင်းသွားမည်ဟု ဆို၏။
သို့သော် ကျားဖြူပါတီအားမဲထည့်ပေးပါက ရွာမှနှင်ထုတ်ခံရမည်ဟု သကဆဖ (ပြည်သူ့စစ်)များ၏ ခြိမ်းခြောက် ထားခြင်း ခံရသောနမ့်ပေါင်အုပ်စုကိုမူ စည်းရုံးရေးခရီးမဆင်းသေးကြောင်းလည်း ပြောပါသည်။
“ဒေသခံလူထု နစ်နာမှာစိုးလို့၊ ကျနော်တို့ကြောင့် သူတို့ ရွာကနေ နှင်ထုတ်ခံရမှာစိုးလို့ နမ့်ပေါင်ဖက်ကိုတော့ ကျနော်တို့ စည်းရုံးရေးမဆင်းသေးပါဘူး။ အခြေအနေစောင့်ကြည့်ရဦးမှာပါ။ အဲဒီမှာ သကဆဖတွေကနေ ခြိမ်းခြောက်တဲ့အကြောင်း ရွာသားတွေကိုယ်တိုင် ကျနော်တို့ကို ပြန်လာပြောပြပါတယ်။ တကယ်တော့ အဲလိုမဖြစ်သင့်ဘူးပေါ့နော်” ဟု အဆိုပါလူ ငယ်က ပြောပါသည်။
အမျိုးသားလွှတ်တော်အမှတ် ၃ မဲဆန္ဒနယ် ပါဝင်သော ကွန်လုံမြို့နယ်သို့လည်း စည်းရုံးရေး ဆင်းရန် အစီအစဉ်ရှိကြောင်း စိုင်းစံမင်းကပြောသည်။
“၂၀၁၀ တုန်းက ကွန်လုံမှာကျနော်တို့ စည်းရုံးရေးမဆင်းရလို့ ကျနော်တို့မနိုင်ခဲ့ဘူး။ နောက်ပြီး ပါတီတွေလဲများ တိုင်း ရင်းသားတွေလဲ များတာကိုး။ လားဟူတွေဆီကရော ကိုးကန့်တွေဆီကရော မဲတပြားမှမရခဲ့ဘူး။ နောက်တခုက ကြိုတင်မဲ၊ တွေကြောင့် လဲပါပါတယ်။ ဒီတခေါက်လဲ ရိုးသားမှုရှိရင် ကျနော်တို့ အောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ NLD လဲ သူက မြို့ထဲမှာဘဲ အားကိုးရတယ်လေ” ဟု စိုင်းစံမင်းကဆက်လက်ပြောပြသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ လားရှိုးမြို့ အမျိုးသားလွှတ်တော်အမတ်အတွက် အနိုင်ရရှိပါက ဒေသခံလူထု၏ အခက်အခဲ များကို ကူညီဖြေရှင်းနိုင်မည်ဟု မိမိကိုယ်ကိုယုံကြည်မှုရှိကြောင်းလည်း စိုင်းစံမင်းက ၌ကဲ့သို့ ပြောပါသည်။
“လားရှိုးကနေ လွှတ်တော်ထဲရောက်သွားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်မြို့သား အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ကို မကူညီပေးနိုင်ဘူး။ မဖြေရှင်းပေးနိုင်ဘူး ဒီအတွက် ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကြောင့် ကျနော် ကြိုးစား ချင်တာပါ။ ကျနော် လုပ်နိုင်လိမ့်မယ်လို့ ကိုယ်ကိုယ်ကို ယုံကြည်ပါတယ်”
ဧပြီလ ၁ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ NLD ပါတီမှ စိုင်းမြင့် မောင်၊ SNDP မှ စိုင်းစံမင်း ၊ USDP မှ ဒေါက်တာနန်းကျိန်ဖောင်းတစ် နှင့် ကိုးကန့်ပါတီမှ လော်ရှင်းကွမ်းတို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရပါသည်။ လားဟူပါတီမှာမူ ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်နောက်ကျသောကြောင့် ယခုရွေးကောက်ပွဲ၌ မပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။