ဂက်စ်ပိုက်လိုင်းဖြတ်သန်းခ လျော်ကြေးငွေနည်းသဖြင့် လယ်မြေလက်လွတ်ဆုံးရူံးသွားသော သျှမ်းပြည် (မြောက်ပိုင်း) နမ့် ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှ လယ်သမားများ လက်ခံခြင်းမရှိကြောင်း သိရသည်။
အဆိုပါ ဂက်စ်ပိုက်လိုင်းဖြတ်သန်းရန် မိုင်းဝီးကျေးရွာရှိ လယ်မြေ ၄၄.၅ ဧက သိမ်းပိုက်ခံခဲ့ရပြီး ယမန်နေ့က လျော် ကြေး ပေးရန် နမ့်ခမ်းမြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးကျော်စိုး၊ မြန်မာ့စွမ်းအင်ဋ္ဌာနမှ ဦးမျိုးမြင့်အောင်တို့ပါ၀င် သည့်အဖွဲ့က မြေအသိမ်းခံ လယ်သမားများကို ခေါ်ယူလက်မှတ်ထိုးခိုင်းကြောင်း သိရသည်။
လယ်သမားများဘက်မှ ကျေနပ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်ပြီး မြေတစ်ဧက ပြင်ပပေါက်စျေး ကျပ်သိန်း ၄၀ ၀န်း ကျင်တန်သည့် မြေတစ်ကွက်အတွက် သိန်း ၃၀ ခန့်သာ အများဆုံးပေးသဖြင့် လယ်သမားတချို့ မကျေနပ်၍ လက်မှတ် မထိုးကြောင်း မိုင်းဝီးဒေသခံလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မိုင်းဝီးမှာ မနေ့ကနဲ့တနေ့က အစည်းအဝေးခေါ်ပြီး လက်မှတ်ထိုးခိုင်းတာပေါ့နော် မြေလွတ်မြေရိုင်းလည်း ပါတယ် ထင်းခြံ ရာဘာခြံ ၊ လက်ဖက်ခြံ ၊ လယ်မြေတွေပါတယ် ပထမတန်းစား ၊ ဒုတိယတန်းစား တတိယတန်းစားဆိုပြီး ခွဲပေးတာပေါ့ ပထမတန်းစားက သိန်း ၃၀ ပေးတယ် ဒုတိယက ၂၅ သိန်း တတိယက ၂၀ စျေးပေးတာနည်းတဲ့အတွက် လယ်သမား တွေက သဘောမတူကြဘူး လက်မှတ်မထိုးဘူး ” ဟု ဆိုသည်။
မိုင်းဝီးဒေသတွင် မြေတစ်ဧက သိန်း ၄၀ ၀ယ်မည့်သူရှိသော်လည်း ရောင်းသူမရှိကြောင်း စိုက်ပျိုးထားသည့် အရင်း အနှီးနှင့် ရရှိသည့် လျော်ကြေးငွေမကာမိ၍ လက်မခံခြင်း ဖြစ်ကြောင်း အဆိုပါကိစ္စ သက်ဆိုင်ရာသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံအထိ သွယ်တန်းမည့် သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လှိုင်းအား သျှမ်း ပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ်ဘက်မှ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ မိုင်းမော် ၊ တက္ကနိုင်း၊ မိုင်းဝီးကျေး ရွာများအတွင်း ဖြတ်သန်းခြင်းဖြစ်ပြီး အဆိုပါဒေသခံများ၏ လယ်ယာမြေများ သိမ်းယူခြင်းခံနေရကြောင်း သိရသည်။