ယခုလဆန်းပိုင်းက ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ပူးပေါင်း၍ ရွာသားတဦးအား အကြောင်းမဲ့ သတ်ဖြတ် သည့်ကိစ္စနှင့်ပတ်သက်၍ လက်ရှိအစိုးရမှ ၎င်းတို့အား ထိရောက်စွာ အရေးယူပေးရန် ပလောင်(တအာင်း) အမျိုးသမီး အစည်းအရုံး (Palaung Women's Organization) PWO က ထုတ်ပြန်ကြေငြာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန် လိုက်သည်။
“အစိုးရက ပြောပြောနေတဲ့ ပြောင်းလဲတိုးတက်မှုတွေရှိလာပြီဆိုတာ တိုင်းရင်းသားဒေသတွေမပါသေးဘူး။ သူ့တပည့်တွေ က လူသတ်မှု၊ ရာဇဝတ်မှုကျူးလွန်နေတာကို လွှတ်တော်အမတ်ဖြစ်နေတဲ့ ဦးကျော်မြင့်ကိုယ်တိုင်ကလဲ ကိုင်တွယ်ဖြေရှင်း သင့်တယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ၁၃ ရက်နေ့ကလဲ တအာင်းပါတီကနေ သမ္မတဆီ ကိုစာတင်ထားတယ်။ ပြန်စာ၊ အမိန့် မကျလာသေးဘူး။ အဲ့တာကြောင့် ကျမတို့ တအာင်းအမျိုးသမီးအစည်းအရုံးကနေ ဂျန္နဝါရီလ ၂၄ ရက်စွဲနဲ့ကြေငြာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်” ဟု PWO မှ လွေးနွေနှောင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
နမ့်ခမ်းမြို့နယ် စယ့်နေအုပ်စု ဖာပြန့်ရွာနေ အိုက်ထက်နိုင်(ခ) ဦးနိုင်ဆွယ်အား ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့မှ ကျန်လု နှင့် ကျန်ကွေရှင်ဦးဆောင်သောအဖွဲ့ နှင့် လားရှိုးအခြေစိုက် ခမရ ၅၀၇ မှ အင်အား ၆၀ ဦးစီးသော ဗိုလ်မှူးမြတ်ထွန်း လင်း တို့ ပူးပေါင်း၍ ယခုလဆန်းပိုင်းက လက်ပြန်ကြိုးတုပ်ကာ မသေမချင်းရိုက်နှက် သတ်ဖြတ်ခဲ့သည့်အမှုအပေါ် အရေးယူ ပေးရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုပါသည်။
“ ဦးအိုက်ထောက်နိုင်မှာ ဇနီးနဲ့ သားသမီး ၅ ယောက်ကျန်ခဲ့တယ်။ သမီးအကြီးဆုံး က ၁၂ နှစ်နဲ့ အငယ်ဆုံးက ၁ နှစ်သား။ ဆိုတော့ ဒီလိုရာဇဝတ်မှုမျိုးထပ်မဖြစ်အောင် ဦးကျော်မြင့်အနေနဲ့လဲ သူ့ရဲ့ပြည်သူ့စစ်တပ်ဖွဲ့ကို လက်နက်မတပ်ဆင်ပေး သင့်ဘူး။ ပြည်သူ့စစ်ဆိုတဲ့နာမည်အတိုင်း ပြည်သူလူထုကိုကာကွယ်တဲ့စစ်တပ်ဘဲဖြစ်သင့်တယ်။အခုအခြေအနေမှာ ပြည်သူ့စစ်တပ်ဖွဲ့ကို ပြည်သူတွေကကြောက်နေရတယ်လေ” ဟု လွေးနွေနှောင်းက ဆက်ပြောသည်။
ပန်းဆေးကျော်မြင့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ်၏ ပြည်နယ်လွှတ်တော် အမတ်အဖြစ် နေရာရထား သူဖြစ်ပြီး ပန်းဆေးအုပ်စုအခြေစိုက် အင်အား ၄၀၀ ခန့်ရှိပြည်သူ့စစ်တပ်ဖွဲ့၏ခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။
၎င်း၏ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဒေသခံလူထုအား အနိုင်ကျင့်ခေါင်းပုံဖြတ်နေသည့်အပြင် လူထု၏ ပိုင်ဆိုင်မှုကိုလည်း ( လက်နှိပ်ဓါတ်မီးပါမကျန်) လုယက်ယူဆောင်ကြောင်း PWO မှ လွေးနွေနှောင်း ကပြောသည်။
“တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ ရာဇဝတ်မှု၊ သတ်ဖြတ်မှုတွေကို သိရက်နဲ့နိုင်ငံတော်အစိုးရကလည်း အရေးယူပေး မှုမရှိဘူး၊ လွှတ်တော်မှာ ဘိန်းဘုရင်ရှိနေရက်နဲ့ လွှတ်တော်ကနေ ထိရောက်စွာစစ် ဆေးမှုမရှိဘူးဆိုရင်တော့ ပြည်သူလူထု ရဲ့ဘဝ ပျက်စီးသထက်ပျက်စီးမှာဖြစ်တယ်” - ဟုဆို၏။
ယခုလ ၃ ရက်နေ့က ဖာပြန့်ရွာထဲဝင်လာသည့်အဆိုပါ ပြည်သူ့စစ်နှင့် မြန်မာစစ်တပ်ပူးပေါင်းတပ်ဖွဲ့သည် ကျေးလက် ဒေသခံ အမျိုးသမီးနှင့်ကလေးများအား ဦးပေါ်ထိန်နေအိမ်သို့ဆင့်ခေါ်ရာ ရွာသားများအပေါ် ကြမ်းတမ်းစွာကိုင်တွယ်မည် စိုးရိမ်သဖြင့် အခြေအနေမဆိုးဝါးခင် မိမိမှာ မိုင်းဝီးဌာနပြည်သူ့စစ်ဖြစ်ကြောင်း အိုက်ထက်နိုင်က ပြောသည်ဟုဆို၏။ ယူနီဖောင်းဝတ်လာရန် ပူးပေါင်းတပ်ဖွဲ့က ပြောဆိုရာ ဦးအိုက်ထောက်နိုင်မှ ယူနီဖောင်းပြန်ဝတ်စဉ် ပန်းဆေးတပ်ဖွဲ့မှ ကျန်လု နှင့် ကျန်ကွေရှင် တို့က ၎င်းအား နောက်ပြန်လက်ထိပ်ခတ်ပြီး မိသားစုအားတွေ့ခွင့်မပေး၊ မေးမြန်းပြောဆိုခြင်း တစုံတရာမရှိဘဲ ၂ ရက်တိုင်တိုင် ရိုက်နှက်ခဲ့ကြောင်း၊ ၄ ရက်နေ့ညနေပိုင်း အိုက်ထက်နိုင်အား သေနတ်ဖြင့်ပစ်သတ် ကာ ခြံစည်းရိုး၌ပင်ပစ်ထားခဲ့ကြောင်း၊ အဆိုပါကိစ္စအား ယနေ့တိုင်အရေးယူမှုမရှိသဖြင့် PWO မှ ကြေငြာချက် ထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားပါသည်။