သျှမ်းပြည်တောင်ပိုင်းလဲချားမြို့အခြေစိုက်သျှမ်းပြည်တပ် မတော်ခွဲထွက် တပ်မဟာ ရ၅၈ ပြည်သူ့စစ်တပ်ဖွဲ့က တပ်သား သစ်စုဆောင်းရာမှာ လူအစားပိုက်ဆံသိန်းချီ ကောက်ယူနေကြောင်း ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။
“မကြာသေးခင်က သျှမ်းပြည်တပ်မတော်ကနေ တပ်စခန်းဝင်သိမ်းတဲ့ အိုက်ထွဲ့ရဲ့လက်ကျန်တွေလေ။ သူတို့ကနေ တပ် သားသစ်စုတာ။ လူမပေးနိုင်ရင် လူအစား တယောက် ကျပ် ၁၃ သိန်းတောင်းတယ်။ ပြီးခဲ့တဲ့ ၅ နှစ်က တယောက်စာ ၁၃ သိန်းပို့ပြီးပြီ။ ခုလဲထပ်လာတောင်းနေပြီ။ ကျနော်တို့အတွက်မလွယ်ဘူးဗျ” - စုပေါင်းပိုက်ဆံပေးသွင်းရန် ဆင့်ဆိုခြင်းခံရ သော ဒေသခံရွာသားတဦးကပြောသည်။
လဲချားမြို့နယ် ဝမ့်ဆန်းကျေးရွာအုပ်စု ကုန်းမိုက်ဟိုင်းရွာသားများထံမှ တပ်သားသစ်ပေးရန် ဒုတိယအကြိမ် ထပ်မံဆင့်ဆို လာခြင်းကြောင်း၊ နမ့်ဟူးဖရားထမ့် ဌာနချုပ်တပ်စခန်းသို့ ဂျန္နဝါရီလ ၁၄ ရက် နောက်ဆုံးထားပြီး လူမပို့နိုင်လျှင် ပိုက်ဆံ ကျပ် ၁၃ သိန်း ပို့ပေးရမည်ဟု အဆိုပါပြည်သူ့စစ်တပ်ဖွဲ့က ဆင့်ဆိုထားကြောင်း အမည်မဖော်လိုသည့် အဆိုပါရွာသားက ဆက်လက်ပြောပြသည်။
“ကျနော်တို့ ကုန်းမိုက်ဟိုင်းရွာမှာ အိမ်ခြေက ၂၀ လောက်ဘဲရှိတယ်။ ပိုက်ဆံ ၁၃ သိန်းရဖို့ တအိမ်ကို ၆ သောင်းကျတယ်။ တချို့ဆို လုံးဝမတတ်နိုင်ကြဘူး။ ဘယ်မှာသွားပြီး တင်ပြရမလဲမသိကြဘူးလေ။ နက်ဖြန်နောက်ဆုံးထား ပို့ရမယ်ဆိုတော့ ရွာသားအားလုံးက အခက်အခဲတွေ့နေကြတယ်” - ဟု အဆိုပါရွာသားက ဆက်လက်ပြောပြသည်။
၂၀၀၅ က သျှမ်းပြည်တပ်မတော်က ခွဲထွက်ကာ မြန်မာအစိုးရထံ လက်နက်ချခဲ့၏။ စစ်အစိုးရခွင့်ပြုချက်ဖြင့် နမ့်ဟူးဖရား ထမ့် ဌာနနေပြည်သူ့စစ် အသွင်ဖြင့်နေထိုင်၏။ ဗိုလ်မှူးကြီး မိုင်းစင့်(သေဆုံး) ၏ လက်ကျန်တပည့် စိုင်းတမှာ လဲချားမြို့ နယ် နမ့်ဟူးဖရားထမ့်တပ်စခန်း၌လည်းကောင်း၊ စိုင်းကာလိန် ထွဲ့ မှာ ဝမ့်ပန်တပ်စခန်း၌လည်းကောင်း အခြေချနေ ထိုင်၏။ ၂၀၁၁ ဒီဇင်ဘာက သျှမ်းပြည်တပ်မတော်မှ ၎င်းတို့၏ တပ်စခန်းအားသွားရောက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ၎င်း၏လက်ကျန်တပ်သား ၂၀ ခန့်က နမ့်ဟူးရှိ စိုင်းတတို့နှင့် သွားရောက်ပူးပေါင်းနေထိုင်ခဲ့ကြောင်း သိရပါသည်။