မြို့နယ်သုံးဆယ်ကျော်မှ သျှမ်းလူငယ်များတွေ့ဆုံ အနာဂတ် အမျိုးသားရေး ဆွေးနွေး

မြို့နယ်သုံးဆယ်ကျော်မှ သျှမ်းလူငယ်များတွေ့ဆုံ အနာဂတ် အမျိုးသားရေး ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

လတ်တလော သဘာဝ အရင်းအမြစ်အရေး လူမှု အသိုင်းအဝိုင်းအရေး၊ နိုင်ငံရေး နှင့် အခြားသော အရေးများ အပါအဝင်လူငယ်တို့ပါဝင်ထမ်းရွက်နိုင် မည့်ကဏ္ဌများကို ဆွေးနွေး ကြပါသည်။

SYE
“ပထမနေ့တုန်းက သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် ဦးခွန်စိုင်း ကိုဖိတ်ခေါ်ပြီး ကနေ့ နိုင်ငံရေး အခြေအနေကို ရှင်းပြတယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး နဲ့ သျှမ်းပြည်တပ် မတော် အပစ်ရပ် သွားရတဲ့အခြေအနေတွေ ပါရှင်းပြတယ်” - တက်ရောက်သူ စိုင်းစိုင်းခမ်း က ပြောပါသည်။

ဒီဇင်ဘာ ၁၇-၁၈ ရက်နေ့ အထိ နှစ်ရက်ကြာ လူငယ်တွေ့ဆုံပွဲ၌ သျှမ်းမြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း အပါအဝင် မိုးကောင်း မိုးညှင်းဘက်မှ သျှမ်းနွယ်ဝင် တိုင်းလျဲန် လူငယ်၊ ထိုင်းနိုင်ငံ ဖွား သျှမ်းလူငယ်အချို့ လည်း ပါဝင်ကြောင်း၊ ပထမနေ့ရက်တွင် လူဦးရေ ရ၀ ကျော်၊ ဒုတိယ နေ့ရက် တွင် ၉၀ ကျော် တက်ရောက် ကြောင်း၊ အစည်းအဝေးအား ချင်းမိုင်မြို့တနေရာတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

“အခုလူငယ်တွေ့ဆုံပွဲမှာ အနယ်နယ်အရပ်ရပ်က လူငယ်တွေပါဝင်တယ်။ သျှမ်းပြည်က ၃၅ မြို့နယ်ထက် မလျော့ဘူး။ သူတို့မြို့နယ်ကို သူတို့ကိုယ်စားပြုပြီးလာတာမဟုတ်ပေမယ့်၊ ဒီတွေ့ဆုံပွဲကနေ ရင်းနှီးရတာ အခွင့်ကောင်းဘဲ။ ဘာဘဲဖြစ်ဖြစ်ကွန်ယက် ဆက်သွယ် နိုင်အောင် အချိတ်အဆက်လေးတွေ ရသွားတယ်”

ယခုလူငယ်တွေ့ဆုံဆွေးနွေးမှုတွင် ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးကိစ္စ၊ ပညာရေးထောက်ပံ့ စရိတ်ရရန်ကိစ္စ၊ သဘာဝ အရင်းအမြစ် နှင့် လူအရင်းအမြစ်ကိစ္စ၊ လူငယ်နှင့်အိုင်တီ ဘာသာရပ် ဆိုင်ရာ ကိစ္စ၊သျှမ်းယူနီကုဒ်ဆိုင် ရာကိစ္စများ ပါဝင်ပါသည်။

ယခုသျှမ်းလူငယ်များ အစည်းဝေးဖြစ်မြောက်ရေးအတွက် ချင်းမိုင်အခြေစိုက် Shan Youth Power သျှမ်း လူငယ် အင်အား အဖွဲ့အစည်းမှ ကမကထ ပြုပါသည်။ Shan Youth Power သည် Media ကဏ္ဌ၊ ပညာရေး နှင့် ရွေ့ပြောင်းအလုပ်သမားအကျိုးပြုသည့် အခြားလုပ်ငန်းများလည်း လုပ်ကိုင် နေသည့်လူမှုအဖွဲ့အစည်း တရပ်ဖြစ်ပါသည်။

Most read this week