တန်ဆောင်တိုင် လောင်းကစားဝိုင်း သျှမ်းပြည်ဘဏ္ဍာရေး ဝန်ကြီးထံ ကျပ်သိန်းထောင်ချီပေးရ

တန်ဆောင်တိုင် လောင်းကစားဝိုင်း သျှမ်းပြည်ဘဏ္ဍာရေး ဝန်ကြီးထံ ကျပ်သိန်းထောင်ချီပေးရ
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးရာတန်ဆောင်တိုင်ပွဲတော်၌ လောင်းကစား ဝိုင်းများ အပါဝင် ဈေးတန်းအားလုံး အတွက် ကန်ထရိုက် ကျပ်သိန်းနှစ်ထောင်ကျော်အားသျှမ်း ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးထံ ပေးသွင်းရသည် ဟု တောင်ကြီးမြို့ ရပ် မိရပ်ဖတဦးက ပြောပါ သည်။

“ကန်ထရိုက်ဆွဲတဲ့သူတွေက ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းကဘဲ။ ဘဏ္ဌာရေးဝန်ကြီး ခွန်သိန်းမောင်နဲ့ ရင်းနှီးတဲ့သူလို့ဘဲသိ ရ တယ်။ အခုက ဘဏ္ဌာရေးဝန်ကြီး၊ သျှမ်းပြည် ဝန်ကြီးချုပ်ရဲ့ အတွင်းရေး ဦးခင်မောင်သန်း တို့နှစ်ယောက် စားပေါက်လုပ်တာဘဲ။ အခုထိသျှမ်းပြည်အတွက် ဝင်ငွေဟုတ်မဟုတ် ဘယ်သူမှ မသိဘူး” - ဟု တောင်ကြီးရောက်လွှတ်တော်အမတ် တဦးကပြောပါသည်။
taunggyi-
နိုဝင်ဘာ ၃ ရက် မှ ၁၁ ရက် အထိ ၉ ရက်တိုင်တိုင်ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ဈေးတန်းများနှင့် လောင်းကစားဝိုင်းပေါင်း ၂၀၀ ကျော် အတွက် သျှမ်းပြည် ဘဏ္ဌာရေးဝန်ကြီးထံ ကျပ်သိန်း ၂၀၁၀ ပေးဆောင်ရကြောင်း နီးစပ်သည့် အမတ်တဦးက ဤကဲ့သို့ဆက်၍ ပြောပြပါသည်။

“ကျပ်သိန်းပေါင်း နှစ်ထောင့်တစ်ဆယ် ဆိုတာ ကြမ်းခင်းဈေးလောက်ပဲ။ ပွဲကန်ထရိုက်အတွက်လေလံပစ်တာ လဲမရှိဘူး။ ခွန်သိန်း မောင်က သူနဲ့ နီးစပ်တဲ့သူကိုဘဲ ပေးလိုက်တာ။ ကျနော်ထင်တယ်ကန်ထရိုက်ရတဲ့ သူက ဒီနောက်ဆုံးရက်နဲ့ဆို ကျပ်သိန်း တစ် သောင်းနီးနီးရသွားမှာဘဲ”

သျှမ်းပြည်အစိုးရ ရုံးစိုက်ရာမြို့၊ သျှမ်းပြည်၏မြို့တော်ဖြစ်သည့် တောင်ကြီးမြို့ပင် လောင်းကစားဝိုင်းဖွင့်နိုင် လျှင် သျှမ်းပြည်၏ ၅၅ မြို့နယ် တောရောမြို့ပါနေရာတိုင်း လောင်းကစားဝိုင်းဖွင့်နိုင်သည့်အဓိပ္ပါယ်ပေါက်နေ သည့် အတွက် ထိုကိစ္စအတွက် နေပြည်တော် ပြည်ထောင်စုလွှတ်တော်အထိ တင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးအမတ်တဦးကလဲပြောပါသည်။

“၁၉၄၈ ဥပဒေအရ ဘယ်သူမှ လောင်းကစားဝိုင်းလုပ်လို့မရဘူး၊ သာမန်လူလဲလုပ်လို့မရသလိုအစိုးရက နေလဲ လုပ်လို့မရဘူး။ ဥပဒေအရ တန်းတူထားတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါက တည်ဆဲဥပဒေဖြစ်တယ် ပြည်သူကော အာဏာပိုင်အဆင့်ဆင့်ကကောလိုက်နာ ရမှာဖြစ်တယ်” - ဟု BLC မြန်မာရှေ့နေများကောင်စီ မှ ဦးသိန်းဦးက ပြောပါသည်။

ထို့အတူ ကျားဖြူပါတီအမတ်တဦးကလည်း ယခုတန်ဆောင်တိုင်ပွဲတော်လောင်းကစားဝိုင်းကိစ္စသည် မဖြစ်သင့်သည့်ကိစ္စဖြစ် ကြောင်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာများ၌ လောင်းကစားမလုပ်ရန်တားမြစ်ထားသည့် နံရံကပ် ကြေငြာစာများတွေ့ရကြောင်း၊ လောင်းကစားဝိုင်းသတင်းပေးပို့လျှင်ဆုငွေချမည်ဟုပင် စာများ ကပ်ထားကြောင်း၊ မြို့တော်ကြီးတခု၌ လောင်းကစားဖွင့်နေခြင်း ကိစ္စသည် သျှမ်းပြည်အစိုးရအတွက် မျက်နှာပျက် စရာဖြစ် သောကြောင့် နိုင်ငံတော်သမ္မတထံ စာတင်ပြီးဖြစ်ကြောင်း တခြားပါတီ များလည်း တင်ပြရန်ပြင်ဆင်နေကြောင်း ပြောပါသည်။

တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်တွင် လေးကောင်ဂျင်၊ ဂုံဂင်း၊ ဖဲဝိုင်း၊ ထိုင်းဖဲ၊ သျှမ်းကျွဲကျိုဖဲ(ဖိုင့်ကျူး)၊ မဇဲန် (တရုတ်ဖဲ) --- စသဖြင့်ရှိကြောင်း၊ လေးကောင်ဂျင်ဝိုင်းပြင် ရှေးခေတ်ပုံစံမဟုတ်တောဘဲကွန်ပျူတာ စနစ်ဖြင့် ကစားကြကြောင်း၊  ပေါက်ကောင်များမှာလည်း  ကြက်၊ ဝက်၊ ငါးရှဉ့်၊ ဖါး စသည်တို့ပင်ဖြစ်ကြောင်း သိရသည်။

Most read this week