မြန်မာ့အရေးအား နိုင်ငံတကာ စောင့်ကြည့်နေမှုက လူ့အခွင့်အရေး ကျူးလွန်ရန် မီးစိမ်းပေးနေ

မြန်မာ့အရေးအား နိုင်ငံတကာ စောင့်ကြည့်နေမှုက လူ့အခွင့်အရေး ကျူးလွန်ရန် မီးစိမ်းပေးနေ
by -
မွေခေါဝ်

နိုင်ငံတကာက မြန်မာ့နိုင်ငံရေး အခြေအနေအား အချိန်ပေးစောင့်ကြည့်နေခြင်းသည် ကချင်လူထုအား သတ်ဖြတ်မှု၊ မတရားပြုကျင့်မှုများ ဆက်တိုက်ကျူး လွန်မှု ဖြစ်ပေါ်စေရန် အချိန်ပေးနေသည်နှင့် တူနေ ကြောင်း ကချင်အမျိုးသမီးခေါင်းဆောင်ကပြောကြား လိုက်ပါသည်။

“နိုင်ငံတကာရဲ့ Wait and See Policy ‘အချိန်ယူ၊ စောင့်ကြည့်ပါအုံး’ ဆိုတဲ့ မူဝါဒက ကျမတို့ ကချင်လူထုကို သတ်ဖြတ်ဖို့၊ မုဒိန်းကျင့်ဖို့ စတဲ့ လူ့အခွင့်အရေးအမျိုးမျိုးကျူးလွန်ဖို့ အချိန်ပေးလိုက်တာနဲ့တူတယ်။ ‘အချိန်ယူ၊ စောင့်ကြည့်ပါအုံး’ ဆိုတဲ့ မူဝါဒက တကယ်တော့ ကျမတို့အတွက် သေဒဏ်ပါဘဲ” - ဟုကချင်အမျိုးသမီး အစည်း အရုံး(ထိုင်းနိုင်ငံ) ပြောခွင့်ရ ဒေါ်ရှယ်လီဆိုင်းက ပြောကြားလိုက်ပါသည်။
kwat
အစိုးရ စစ်တပ်မှ ကချင်လွတ်လပ်ရေးတပ်မတော်အား စတင်ထိုးစစ်ဆင်လာချိန် ပထမနှစ်လအတွင်း ကချင် အမျိုးသမီး ၃၇ ယောက် မတရားပြုကျင့်ခံရပြီး ၎င်းတို့နက် ၁၃ ယောက်အား သတ်ဖြတ်သည့်အပြင် အခြား မတရားမှု အမျိုးမျိုး ကျူးလွန်ခဲ့သည်ဟုဆို၏။

“ကချင်အမျိုးသမီး အစည်းအရုံးအနေနဲ့ မုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေကို လက်လှမ်းမှီသလောက် ဆေးဝါး ကုသတာ စိတ်ဓာတ်မြင့်တင်ပေးတာတွေကို ပြုလုပ်ပေးနေပါတယ်။ သူတို့လိုအပ်တဲ့ အကူအညီတွေကိုလဲ တက်နိုင်သမျှ သွားရောက်ကူညီပေးနေပါတယ်” ဟု ၎င်းကပြောပါသည်။

ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT က သတင်းထောက်များဖိတ်ကြားကာ Burma's Covered Up War (ဗမာပြည် ဖုံးကွယ်စစ်ပွဲ) အစီရင်ခံစာဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ကို ချင်းမိုင်မြို့တက္ကသိုလ်
ကျောင်းဝင်းအတွင်း ယနေ့ (အောက်တိုဘာ ရ ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့ရာ တက်ရောက် နားထောင်သူ ၅၀ ခန့် ရှိသည်။

တရုတ်နိုင်ငံက ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသဖြင့် စစ်ပြေးဒုက္ခသည် ၂၅၀၀၀ ကျော်သည် ကချင်တရုတ် နယ်စပ်တလျှောက် ယာယီစခန်းများတွင် ခိုလှုံနေကြရပြီး အစားအစာနှင့် ဆေးဝါး မလောက်ငှမှုရင်ဆိုင်နေရ သည်။

“ကိုးကန့်အရေးအခင်းတုန်းက ဘာပဲဖြစ်ဖြစ် ကိုးကန့်လူမျိုး တရုတ်လူမျိုးဘဲလေ။ ကိုးကန့်ခေါင်းဆောင် တချို့ စစ်အစိုးရနဲ့ တွဲလုပ်နေတော့ သူတို့ခိုလှုံရင်လဲ မကြာဘူးလို့ တရုတ်ကထင်ပြီး ခိုလှုံခွင့်ပေးတယ်။တိုင်းရင်းသား အရေးက ရေရှည်နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် တရုတ်အစိုးရက လက်မခံရဲဘူးလို့ထင် တယ်” ဟု ဒေါ်ရှယ်လီဆိုင်းက ပြောပါသည်။

မြန်မာနိုင်ငံအတွင်း တရားဝင်လုပ်ကိုင်နေသော (လူမှုကယ်ဆယ်ရေး)အေဂျင်စီများအား ဒုက္ခသည်များကို အကူအညီပေးရန် မြန်မာအစိုးရက ပိတ်ပင်ထားသည်ဟု ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ၏ အစီရင်ခံစာ၌ ရေးသားထားသည်။

ကယ်ဆယ်ရေးအေဂျင်စီများက UNOCHA (United Nations Office for the Coordination of Humanitarian Affairs) ထံ ဒုက္ခသည်အကူအညီရရေးအတွက် တင်ပြရာ UNOCHA က အစိုးရအနေဖြင့် အကူအညီပေးရန် လမ်းဖွင့်ပေးလျှင် သွားရောက်ကူညီမည်ဟု ပြန်လည်ဖြေကြားကြောင်း KWAT က ဆို၏။