UNFC ကို တရုတ်မနှစ်သက်ဟု ပအိုဝ်းခေါင်းဆောင်ပြော

UNFC ကို တရုတ်မနှစ်သက်ဟု ပအိုဝ်းခေါင်းဆောင်ပြော
by -
မွေခေါဝ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်း ထူထောင်ထားသည့် “ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)” ကိုတရုတ် က နှစ်သက်မှုမရှိကြောင်း ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာက ပြောပါသည်။

khun-okker
ခွန်ဥက္ကာသည် မကြာသေးမီက ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၏ ဖိတ်ကြားချက် အရ KIO/KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖယ်ဒ ရယ်စနစ်အကြောင်း ၃ ပတ်ခန့် သွားရောက်ရှင်းလင်းဟောပြောခဲ့သည်။ ၎င်းသည်တရုတ်အာဏာပိုင် တို့နှင့် လည်း တွေ့ဆုံခဲ့ပြီး ယခုလဆန်း ပိုင်းမှ ထိုင်းနယ်စပ်ဘက်သို့ ပြန်လည်ရောက်ရှိလာသည်။

“ကချင်က ခေါင်းဆောင်ပြီး ဖွဲ့စည်းထားတဲ့ UNFC ကို အနောက်နိုင်ငံဘက် သိပ်ယိမ်းတယ်လို့ တရုတ်က မြင်တယ်” ဟု ခွန်ဥက္ကာက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဦးဇောင်းခရား က စက်တင်ဘာ ၂၆ ရက်၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တိုင်းရင်းသားဒေသ၌ ဖြစ်ပျက်နေသော ပဋိပက္ခများကို ကူညီဖြေရှင်းပေးရန် စာရေး ပေးပို့ခဲ့သည်ကိုလည်း တရုတ်ဘက် ဘဝင်မကျကြောင်း ခွန်ဥက္ကာက ဆက်လက်ပြောပါသည်။

“တရုတ်အာဏာပိုင်တွေက ဘာကြောင့် ဘန်ကီမွန်း ဆီကို စာပို့အကူအညီတောင်းရတာလဲလို့ ကျနော်ကို မေးတယ်။ ဘန်ကီမွန် လုပ်နိုင်ပြီး တရုတ်မလုပ်နိုင်တာ ဘာရှိလဲလို့လဲ ပြောတယ်။ KIO က ကွက်ကျော်တာ တရုတ်က သိပ်ဘဝင် မကျဘူး”

သို့သော်လည်း တရုတ်အနေဖြင့် နေရာတကာတွင် အကျပ်ကိုင်မည့် ပေါ်လစီရှိပုံမရဟုဆိုသည်။ ထို့အပြင် မြန်မာ အတိုက်အခံများကို ထောက်ခံသူတချို့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကြီးငါးကြီးအဖွဲ့တွင် ပါဝင်သည့် တရုတ်နှင့်ရုရှားတို့ကိုပါ ချဉ်းကပ်ရန် အကြံုပြုမှုများ ရှိခဲ့သည်။

ဥပမာ ဂျွန်လမှစ၍ အစိုးရစစ်တပ်က KIA ကို ထိုးစစ်ဆင်လျက်ရှိရာ သောင်းချီစစ်ပြေးဒုက္ခသည်များတရုတ်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့ကြောင့် စစ်ပြေးဒုက္ခသည် ကူညီရန်အတွက် ကုလသမဂ္ဂများဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီးရုံး(UNHCR)ထံ တင်ပြသင့်ကြောင်း တရုတ်အရာရှိများက ဆိုသည်။

“ကချင်အဖွဲ့က စစ်ပြေးဒုက္ခသည်တွေအတွက် UNHCR ထံ ဆက်သွယ်သင့်တယ်လို့ အကြုံပြုကြတယ်။ UN က ဒုက္ခသည် တွေအတွက် အကူအညီပေးဖို့ အခွင့်တောင်းလာရင် တရုတ်ကလဲ ငြင်းမယ်မထင်ဘူးလို့ပြောတယ်။ ဒါကိုလဲ ကချင် ခေါင်းဆောင်တွေဆီ ပြောပြပြီးပါပြီ”

အသက် ၆၅ နှစ်ရှိ ခွန်ဥက္ကာသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဖြစ်ပြီး သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင် (SSCDC)၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကဲ့သို့သော အဖွဲ့အစည်းများ၌လည်း ဥပဒေ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

UNFC ၌ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့်သျှမ်းပြည်တိုးတက်ရေး ပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA)ဟူ၍ အဖွဲ့ ၆ ဖွဲ့ဖြင့် ၂၀၁၁ မေလလယ်၌ ပြန်လည်ဖွဲ့စည်းခဲ့သည်။