မြန်မာအစိုးရကိုယ်စားလှယ်နှင့် ဝ ပြည်နယ်အစိုးရ တို့အားတွေ့ဆုံရန် ဝ တပ်ဖွဲ့ကိုယ်စားလှယ်များအဖွဲ့ ယမန်နေ့က လားရှိုးသို့ ရောက်ရှိနေ ကြောင်းလားရှိုး ဒေသခံတဦးကပြောသည်။
အောက်တိုဘာ ၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝ နယ်သို့ ဝင်ရောက် အခြေ ချမည့် မြန်မာအစိုးရ၏ ဝန်ထမ်းများအရေး အသားပေးဆွေးနွေးသွားဖွယ်ရှိသည်ဟုကြားသိရ ကြောင်း ပန်ဆန်း ရှိ ဝ အရာရှိ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
“ ဆွေးနွေးပြီးမှဘဲအသေးစိတ်အချက်အလက် တွေ ကိုပြောပြလို့ရမှာ။ လောလောဆယ်တော့ အဲ့ဒီ ၂ ချက် အသားပေးဆွေးနွေးဖို့ရှိတယ်လို့ ကြားရတယ်။ တပ်အပ်ပြောနိုင်တာကတော့ ကျနော်တို့အနေနဲ့ အစိုးရဖက် ပြောဆိုဆွေးနွေး လာမှုကို ထိုင်နားထောင်ဖို့ပါဘဲ။ သူတို့တောင်း ဆိုလာမယ့်အချက်တွေကို ပြန်ဖြေနိုင် ရင်ဖြေမယ် မဖြေနိုင်ရင်လဲ ဌာနချုပ်ကိုပြန် ယူလာမယ်။ အားလုံးဆွေးနွေးဆုံးဖြတ်ပြီးမှ အကြောင်းပြန် ပေးမယ်” ဟု ၎င်းက ပြောသည်။
ယခုလဆန်းက ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသော တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးဦးအောင် သောင်း ခေါင်းဆောင်သော အစိုးရသစ် ကိုယ်စား လှယ်အဖွဲ့အပြင် ဝကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်း ဦးစီးအဖွဲ့ ခွန်ထွန်းလူ ဦးဆောင်သည့်အဖွဲ့တို့နှင့် တွေ့ဆုံရ ဖွယ်ဖြစ်ကြောင်း လားရှိုးဒေသခံတဦး ကလည်း ပြောသည်။
ယခုလ ၆ ရက်နေ့က အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဝ နယ်ထဲသို့ ဆန်အိတ် တထောင်ကျော် တင်ပို့သည်ဟုသည့်သတင်းနှင့်ပါတ်သက်၍ ပန်ဆန်းရှိ ဝ အရာရှိတဦးက -
“ ဒီဆန်တွေဟာ လွန်ခဲ့တဲ့ ၂၀၀၉ ကတည်းက မြန်မာစစ်တပ်ဖမ်းထားတဲ့ ဝ တပ်ဖွဲ့ပိုင် ဆန်တွေဖြစ်ပါတယ်။ ဆွေးနွေး ပွဲပြီးမှ ပြန်ပို့လာပေးတဲ့ ဆန်တွေဖြစ်ပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်ကလဲ ကျနော်တို့ခေါင်းဆောင် ပေါက်ယိုလျံ သားမက် ပိုင်တဲ့ Yangon Airway လေယာဉ်လိုင်းလဲ ပျံသန်းခွင့်ပြန်ရခဲ့တယ်။ ဒီအောက်တို ဘာလမှာ ပြန်လည် ပျံသန်းမယ်လို့ သိရ တယ်။ ဝ နယ်ထဲ လူအဝင်အထွက်တော့ တင်းကျပ် စစ်ဆေးနေ တုန်းဘဲ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
မြန်မာအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ အကြီးအကဲများဖြစ် သော ပန်ဆန်းမှ ဥက္ကဌ ရှောင်မင်လျန် အပြင် ပေါက် ယိုလျန်၊ ကျောက်ကော်အန်း၊ တာ့အိုက်လုံ့၊ လီကျူးလျဲ့ ခေါ် ဦးအောင်မြင့်နှင့်အဖွဲ့ ဝင် စုစုပေါင်း ၁၀ ယောက်ကျော်လားရှိုး၌ ရောက်ရှိနေကြ ကြောင်းလည်း အဆိုပါ လားရှိုးဒေသခံက ပြောပြသည်။
ဝ ပြည်သွေးစည်းရေးတပ်ဖွဲ့မှ ကိုယ်စားလှယ်များအား စက်တင်ဘာလ ၆ ရက်၌လည်းကောင်းမိုင်းလား တပ်ဖွဲ့ ကိုယ်စား လှယ်များအား စက်တင်ဘာ ရ ရက်၌လည်းကောင်း မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က ပထမ အကြိမ် တွေ့ဆုံခဲ့ပြီး “နှစ် ဖက်ဆက်ဆံရေး ရုံးများ နဂို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ခြင်း” အပါအဝင် မြန်မာအစိုးရ ဆွေးနွေးတင်ပြသည့် အချက် ၄ ချက်ကို ၂ ဖွဲ့စလုံးက သဘောတူလက်မှတ် ရေးထိုး ခဲ့သည်။ အဆိုပါ အချက်အတွက် ပြန်လည်ဆွေးနွေးရန် ယခုတကြိမ် အစိုးရကိုယ်စားလှယ်နှင့် UWSP ကိုယ်စားလှယ် ထပ်မံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။