တရုတ် နှင့် လာအို (လောနိုင်ငံ) အာဏာပိုင်များ ပူးပေါင်း၍ ရွှေတြိဂံဒေသအတွင်းရှိ Kings Roman Casino လောင်းကစားရုံအားရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးမျိုးစုံနှင့်ထိုင်းဘတ် ငွေသန်း ၅၀ ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီး ချုပ်ချလိမ်ယူပံရုန်းကတရားဝင်ကြေငြာသည်။
အဆိုပါဖမ်းမိသော မူးယစ်ဆေးမျိုးစုံ အရေအတွက် ဂုန်နီအိတ် ၂၀ အိတ်စာမှာ လောင်းကစားရုံအတွင်းဖမ်း မိခြင်းမဟုတ် ဘဲ လောင်းကစားဝင်းအတွင်းရှိမြင်းစောင်းထဲ၌ ဖမ်းမိခြင်းဖြစ်ကြောင်းဝန်ထမ်းအသိုင်းအဝိုင်း နှင့်နီးစပ်သူတဦး ကပြော သည်။
“အဲဒီ Kings Roman Casino ရုံကို ဒီနှစ်ဆန်းပိုင်းတုန်းကလဲ ထိုင်းအာဏာပိုင်တွေ တခါဝင်ဖမ်းခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့တုန်းကသတင်းကမထွက်ခဲ့ဘူး။ အခုတခေါက် ဝင်ဖမ်းတာကတော့ ၂၆ ရက်နေ့ ကပေါ့။ မူးယစ် ဆေးဝါးမျိုးစုံတွေအပြင် ထိုင်းဘတ်ငွေ သန်း ၅၀ လဲပါတယ်” ဟု ဆို၏။
လာအိုနိုင်ငံ၏ တုန့်ဖင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးဇုံနှင့် ကမ္ဘာလည့်ခရီးသွားများ လည်ပတ်ရေးဇုံအတွင်း လာအိုအစိုးရထံ မှ မြေဟက်တာ ၃၀၀၀ နှင့် ၉၉ နှစ် ခွင့်ပြုချက်ရထားသည့် Kings Roman Casino လောင်း ကစားရုံကြီး ၏ ပိုင်ရှင်မှာ တရုတ်နိုင်ငံမြောက်ပိုင်း Heilongjiang (ဇာတိ) တရုတ်လူမျိုး Zhao Wei ဆိုသူ ဖြစ်သည်။
ဦးစိုင်းလင်း ဦးဆောင်သော သျှမ်းပြည်အရှေ့ပိုင်းမိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ Landong ကာဆီနိုရုံမှာ လည်း Zhao Wei နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု သတင်းများထွက် ရှိသော်လည်း မိုင်းလားတပ်ဖွဲ့က မူ Kings Roman Casino ရုံစတင်ဖွင့်လှစ်ကတည်းက Zhao Wei နှင့်ဆက်သွယ်မှု မရှိတော့ကြောင်း၊ Kings Roman Casino ၌ မိုင်းလားတပ်ဖွဲ့ အစုရှယ်ယာပါဝင်သည် ဆိုသည့်အချက် လည်းမဟုတ်မှန်ကြောင်း အမည်မဖေါ်လိုသည့်အရာရှိတဦးက တုန့်ပြန်ခဲ့၏။
ဩဂတ်စ်လဆန်းက စင်္ကာပူနိုင်ငံ၌ ကျင်းပသော ၁၁ ကြိမ်မြောက် 11 th Senior Officials Meeting on Transnat -ional Crime SOMTC (ထိုင်းနိုင်ငံက ဥက္ကဌ ရာထူးလက်ခံထား) အစည်းအဝေးဆုံးဖြတ်ချက်၊ လာအိုနိုင်ငံ ၌ကျင်းပသော အာဆီယံအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်တို့ကြောင့် လောင်းကစားရုံကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းဖြစ်နိုင် သည်ဟုလည်းမူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာနေသည့် ပုဂ္ဂိုလ် များက သုံးသပ်ကြသည်။
အဆိုပါ Kings Roman Casino လောင်းကစားရုံအား ၂၀၀၇ ဧပြီလက လာအိုအစိုးရ အတည်ပြုချက်ဖြင့် ဘန်ကွမ်ရွာ (ယခင် ၁၉၆၇ က ဦးခွန်ဆာနှင့် တရုတ်ဖြူတို့အကြား “ ဘိန်းစစ်ပွဲ” ဖြစ်ပွါးခဲ့သည့်နေရာ) အနီးတွင် စတင် တည်ဆောက် ခဲ့ပြီး ယခုအခါ အလုပ်သမား ၄၅၀၀ ခန့်ရှိသည်ဟုလည်း သိရသည်။