ကုန်စည်ဈေးနှုန်းကျ ပေးဆောင်ရသည့် ဂိတ်ကြေးများ သျှမ်းတောင်/ ရှေ့ ကုန်သည်များ အရှုံးပေါ်

ကုန်စည်ဈေးနှုန်းကျ ပေးဆောင်ရသည့် ဂိတ်ကြေးများ သျှမ်းတောင်/ ရှေ့ ကုန်သည်များ အရှုံးပေါ်
by -
သျှမ်းသံတော်ဆင့်

ကောက်ပဲသီးနှံ နှင့် စားသုံးကုန်ပစ္စည်းများ ဈေးနှုန်း ကျဆင်း သည့်အပြင် လမ်းကြေးဂိတ်ကြေးများသော ကြောင့်  သျှမ်းပြည်တောင်ပိုင်း၊အရှေ့ပိုင်းကုန်သည် ကြီး များ ကားသမားများ အရှုံးပေါ်နေကြောင်းနယ် စပ်သတင်း ရပ်ကွက် က ဆိုပါသည်။

Mong_Tong_road“ခုချိန်မှာကြံသကာတွေ၊ နှမ်းတွေ၊ ကြက်သွန်ဖြူတွေတင်ပို့ရောင်းချတဲ့ကာလ ဈေးနှုန်းတွေအရမ်းကျနေတော့ ဝယ်လှောင် တဲ့ ဒိုင်တွေလဲအရှုံးပေါ်၊ ကုန်သည်တွေ ကားဆရာတွေလဲ အရှုံးပေါ်နေတဲ့အခြေအနေမှာရှိ နေတယ်” ဟု တောင်ကြီးမှ ကျိုင်းတုံ- တာချီလိတ်သို့ ကုန်တင်ပို့ရောင်းချနေသည့်ကားဆရာတဦး ကပြောသည်။

ယခင်နှစ်များကလည်း ဤကာလမျိုးတွင်ကုန်ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်းယခုနှစ်ကုန်ဈေးနှုန်းကျဆင်းမှု မှာအပြင်း ထန်ဆုံးဖြစ်သည်ဟုလည်းပြောနိုင်ကြောင်း အဆိုပါ ကားဆရာကပြောသည်။

“ကျသွားလည်း တော်တော်နဲ့ ပြန်မတက်လာဘူး။ ဒီအပတ်ထဲမှာ ကျနော်တို့ ကြက်သွန်ဖြူတွေ တင်လာတယ်။ ဝယ်မယ့်သူ  မရှိဘူး။ လမ်းစရိတ် ဂိတ်ကြေးတွေကလဲ မနဲတော့ ကျိုင်းတုံမှာ ချထားလိုက်ရတယ်။ တာချီလိတ် ကနေ ထိုင်းပစ္စည်းတွေ သွားတင်ဖို့လဲ မိုင်းဖြတ်ဂိတ် မယန်းဂိတ်တွေမှာ ထပ်ပေးရမှာမနဲဘူးဆိုတော့ တာချီလိတ် ကနေ တင်လာပြီး ကျိုင်းတုံမှာ ကဲ့ယူမယ်လုပ်ပြန်တော့ ကုန်တင်ခက သိန်း ၃၀ တဲ့ တရှုံးကနေ ၂ ရှုံးဖြစ်နေပြီ လေ” ဟု ၎င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယခုနှစ် ကြံသကာပေါ်ချိန်က တပိသာ ကျပ် ၆၀၀ ဖြင့် ဝယ်လှောင်ထားသော ဒိုင်များအဖို့ ယခုအခါ တပိသာ ကျပ် ၄၀၀ သာဈေးပေါက်နေကြောင်း၊ နှမ်းမှာလည်း တပိသာ ၁၄၀၀ မှ ကျပ် ၁၀၀၀ သို့ ကျဆင်းနေကြောင်း၊ ကြက်သွန် ဖြူမှာမူ ဝယ် သူမရှိသလောက်ဖြစ်နေသဖြင့် ရောင်း၍မရကြောင်းတောင်ကြီးမှ အဆိုပါကုန်သည်က ပြောသည်။

“တခါတလေ ကုန်တင်ခ ကျပ်သိန်း ၉၀ မှာ တောင်ကြီးရောက်တာနဲ့ လက်ထဲမှာ ၁၀ သိန်းကျန်ရင် ကံကောင်း တယ်။ ၅ သိန်းကနေ ၁၀ သိန်းကြားမှာဘဲကျန်တယ်။ အများဆုံးက ဂိတ်ကြေး လမ်းကြေးပေးရတာပေါ့။ တခါတလေ အမြတ် မကျန်တဲ့အပြင် ဂိတ်ကြေးအတွက် အိတ်ထဲကတောင် စိုက်ထုတ်ရသေးတယ်” ဟု အငှားလိုက်သည့် ကားဆရာတဦးက ဆို၏။

ကျိုင်းတုံလမ်းလောက် ဂိတ်မများသော မိုင်းတုံလမ်းဖက်တွင်မူ  ကြမ်းတမ်းခက်ခဲပြီး မိုးရွာသွန်းမှုကြောင့် တောင်ပြိုကာ လမ်းပျက်စီး၍ သွားမရကြောင်းတာချီလိတ် တောင်ကြီးမှကုန်ကားဆရာများကပြောသည်။

တောင်ကြီးမှ တာချီလိတ်သို့ ဒေသထွက်ကောက်ပဲသီးနှံများတင်ပို့ကာ အပြန်တွင်မူ ထိုင်းနိုင်ငံ မယ့်ဆိုင်မှ ထိုင်းကုန် ပစ္စည်းများ ပြန်လည်တင်ဆောင်သွားကြ၏။

တောင်ကြီးမှ တာချီလိတ်အသွားလမ်း ၂ လမ်းမှာ  နမ့်ဇန်လမ်းခွဲမှ ခိုလမ်- ကွန်ဟိန်း-ကာလိသံလွင်မြစ် ကူးကာ မိုင်းပြင်း- ကျိုင်းတုံ- တာချီလိတ် သို့  ၁ လမ်း၊ နမ့်ဇန်လမ်းခွဲမှ မိုးနဲ -လင်းခေး-မိုင်းပန်- မိုင်းတုံ- မိုင်းဆတ်- တာချီလိတ် သို့ ၁ လမ်းဖြစ်သည်။ ကွန်ဟိန်းဖက်အသွားလမ်းမှာလမ်းအတော်အသင့်ကောင်းမွန် သော်လည်း ဂိတ်ကြေးများပြီး မိုင်းတုံ ဖက်လမ်းမှာ လမ်းခရီးကြမ်းတမ်းခက်ခဲ၏။