အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ် ဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထံ အစိုးရသစ်မှ ငြိမ်းချမ်းရေးကမ်းလှမ်းစာ ပေးပို့ခဲ့ ကြောင်း သိရှိရပါသည်။
“ကျနော်တို့ရဲ့ တပ်မဟာ ၃၆၉ ဌာနချုပ်ရှိတဲ့ ဆီလူးဆီ တစ်စောင်ပို့တယ်။ UWSA ရဲ့ တပ်မဟာ ၄၆၈ ဌာနချုပ် ရှိတဲ့ မိုင်းပေါက်ဆီ တစ်စောင်ပို့တယ်။ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအိတ်မှာ ရေးပြီးပို့ လာတာ” ဟု မိုင်းလား အရာရှိတစ်ဦးက ပြောပါသည်။
ဆီလူးနှင့် မိုင်းပေါက်သည် အစိုးရဖွဲ့စည်းပုံအရ မိုင်းယန်းမြို့နယ်အတွင်း တည်ရှိသည်။ မိုင်းလားသို့ ၂၉ရက်နေ့ ၌ လည်းကောင်း၊ ပန်ဆန်းသို့ ၃၀ ရက်နေ့၌လည်းကောင်း ငြိမ်းချမ်းရေးကမ်းလှမ်းစာရောက် ရှိသည်ဟု ဆို၏။
“စာထဲမှာ အစိုးရက ကြိုးစားလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စအတွက် ဆက်သွယ်လာတာဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စ အပြင် အခြားပြဿနာတွေရှိရင်လဲ မိုင်းယန်းအုပ်ချုပ်ရေးအာဏာပိုင်တွေကို ဆက်သွယ်နိုင် တယ်လို့ ရေးထားတယ်။ ဒါပေမဲ့ မိုင်းလားဘက်က ဘာမှမပြောသေးရင် ဆီလူးဘက်ကလဲဘာမှလုပ်မှာ မဟုတ် ဘူးလို့ ကျနော်တို့ ယုံကြည်တယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ဝ တပ် ပန်ဆန်းဌာနချုပ်သို့ အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းစာ ရောက်ရှိလာခဲ့ကြောင်း ဝ ခေါင်းဆောင်ပိုင်း နှင့် ရင်းနှီးသိ ကျွမ်းသူ ပန်ဆန်းဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။
“ကျနော်ရဲ့ သူငယ်ချင်း(ဝ အရာရှိ)ကတော့ ငြိမ်းချမ်းရေးကမ်းလှမ်းစာက စိတ်ပျက်စရာကြီးတဲ့။ ဒါဟာ တဖက်နဲ့ တဖက် ကွာဟချက်ကို ပိုမိုကြီးမားအောင် လုပ်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်”
ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းဦးစီးကော်မတီဥက္ကဋ္ဌ ခွန်ထွန်းလူ က သြဂတ်စ် ၂၀ ရက်နေ့၌ ငြိမ်းချမ်းရေး အတွက် UWSA ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုကြောင်း RFA ဝပ်ဆိုက်ဒ်၌ရေးသားဖော်ပြထား သည်။
“ခွန်ထွန်းလူက သူ့ကို ဝ တွေရဲ့မင်းအဖြစ် အစိုးရက တင်မြှောက်ထားပေမဲ့ ဆွေမျိုးလို သူငယ်ချင်းလို လာလည် ပါရ စေလို့ ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် ဖုန်းနဲ့ဆက်သွယ်ပြောဆိုလာပေမဲ့တရားဝင် အကြောင်း ကြား စာမရောက်လာလို့ ဝ ဘက် က ဘာမှမတုံ့ပြန်ခဲ့ဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။
မိုင်းယန်းမြို့နယ်အတွင်းရှိ နှစ်လကြာရှည်စွာ ထိန်းချုပ်လာခဲ့သော ဆီးလူနှင့် မိုင်းပေါက်ကို လက်လွှတ်ဆုံးရှုံး ပါက မိုင်းလားတပ်နှင့် ဝ တပ်တို့အား မြန်မာအစိုးရစစ်တပ်မှ တဖွဲ့ချင်းစီ တိုက်ခိုက်သိမ်းပိုက်ရန်လွယ်ကူမည် ဖြစ်သဖြင့် ၎င်းတို့ဘက်မှ လက်လွှတ်ဆုံးရှုံးခံမည်မဟုတ်ကြောင်း သိရှိရပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် က သြဂတ်စ် ၂၅ ရက်နေ့၌လည်းကောင်း၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA ထံသို့ ထိုင်း အာဏာပိုင်မှတဆင့် သြဂတ်စ်လဆန်းပိုင်း၌လည်းကောင်းငြိမ်းချမ်းရေးဆွေးနွေး ရန် ကမ်းလှမ်းခဲ့သေးသည်။