ထိုင်းနိုင်ငံရဲချုပ် နှင့်မြန်မာနိုင်ငံရဲချုပ် အပြန်အလှန် လည်ပတ်ပြီးမကြာမှီ ထိုင်း - သျှမ်းနယ်စပ်(သျှမ်းပြည် ဘက်ခြမ်း) တွင်နေထိုင်သည့် မြောင်ဇီး ခေါ် မြောင့် ခေါ် မုန့်လူမျိုး ကျေးရွာတရွာအဓမ္မပြောင်းရွှေ့ခိုင်း ခြင်း ခံရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။
“ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလေ မြောင့်လူမျိုးရွာကို ပြောင်းခိုင်းတာ။ ရွာကိုပါမီးရှို့လိုက်တယ်။ အရင်က ဝတပ်ဖွဲ့က သူတို့ကိုလက်ခံထားတာလေ။ အခုက ဝ တပ်ဖွဲ့က သူတို့ကိုကျောထောက်နောက်ခံပြုပေး တာတွေ မရှိတော့လို့ ဗမာ တပ်က သူတို့ကို မောင်းထုတ်လိုက်တာ” - ဟု ဒေသခံသျှမ်းအမျိုးသားတဦး ကပြောပါသည်။
မူးယစ်ဆေးဝါးများ အဓိက ကူးသန်းရောင်းဝယ်သည်ဟု ယူဆရသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်း ကျေးရွာအုပ်စုဝမ့်ခယ်ဖိတ်ရွာ(ခေါ်) ဝမ့်တာ့ကုတ်ရွာနေ (ထိုင်းနိုင်ငံမယ်အိုင်း၊ တာတွန်းမှတဆင့် စက်လေဖြင့်နမ့်ကုတ် ချောင်းအတိုင်း အထက်သို့ တစ်နာရီခရီးရှိ) မြောင့်လူမျိုးရွာတရွာ အား (၃)ရက် အတွင်း အပြီးပြောင်းရွှေ့ရန်တာချီလိတ် အခြေစိုက် မြန်မာအစိုးရတပ် ခမရ ၅၂၉ မှ ဩဂတ်စ် ၂၅ ရက် က ညွှန်ကြား ကြောင်း၊ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် အဆိုပါရွာအားပျဲန်းခမ်းရွာ တပ်စခန်းချ ခမရ ၅၂၉ က မီးရှို့လိုက်ကြောင်း ဒေသခံနောက်တဦးက ဤကဲ့သို့ ပြောပြ ပါသည်။
“ဝမ့်တာ့ကုတ်ရွာက အိမ်ခြေ ၁၂၀ ကျော်တယ်။ လူဦးရေ ရာဂဏန်းရှိတယ်။ သူတို့တွေက ဒီဇာတိ မဟုတ်ဘူး။ တခြားက ပြောင်းရွှေ့လာတယ်။ သူတို့ရွာကို မီးလာရှို့ချိန်က ရွာသူရွာသားတွေတယောက်မှ မရှိတော့ဘူး၊ ကျေးရွာအကြီးအကဲ ၄ ယောက်ကို ဗမာစစ်တပ်ကဖမ်းသွားတယ်။ ရွာကိုမီးမရှို့ခင်မှာဘဲ ဝ တပ်ဖွဲ့ဆီကိုပြန်လွှဲအပ် ပေးလိုက်ပြီလို့ကြားရတယ်” - ဟု ဆို၏။
အဆိုပါ ကျေးရွာ၌နေထိုင်သည့် မြောင်ဇီး (ခေါ်) မြောင့် (မုန့်) လူမျိုးများသည် မြောက်ပိုင်း သျှမ်းပြည်နှင့် ဝ နယ် အ ပြင် ထိုင်းနိုင်ငံ၌လည်း နေထိုင်ကြကြောင်း၊ ၎င်းတို့သည် လောဝ်၊ တရုတ် နိုင်ငံတို့မှ ပြောင်းရွှေ့လာကြ ကြောင်း၊ ကူး သန်းရောင်းဝယ်ရေးတွင် ကျွမ်းကျင်ပြီး ဘိန်းခြံလုပ်ငန်းအဓိကလုပ် ကိုင်ကြောင်း၊ ဝမ့်တာ့ကုတ်သို့ ပြောင်းရွှေ့နေထိုင် သည်မှာ ၅ နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ကနဦး က ဝ တပ်ဖွဲ့က ၎င်းတို့ အားလက်ခံထားသော် လည်း ယခုတွင် မူးယစ်ဆေး ဝါးမှုကြောင့် ဝ တပ်ဖွဲ့ နာမည် အပျက်မခံ နိုင်သည့် အခြေအနေကြောင့်ဖြစ်ကြောင်း ဒေသခံများပြောပြ ပါသည်။
“ထိုင်းဘက်ကနေ သွားရောက်နေထိုင် စီးပွားရေးလုပ်ကိုင်နေတဲ့ မုန့်လူမျိုးတွေလဲ အများကြီးရှိတယ်။ ကျ နော်တို့ နိုင် ငံက ထုတ်ပေးတဲ့ သက်သေအထောက်အထား ကဒ်တခုခု ရှိရင်တော့ ကျနော်တို့နိုင်ငံထဲ ပြန်လာနေ ခွင့်ရှိ ပါတယ်” - ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိတဦးက ပြောပါသည်။
မြောင့်(မုန့်) လူမျိုးနွယ်စုများသည် မြန်မာနိုင်ငံ သျှမ်းပြည်အရှေ့ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ လောဝ် နိုင်ငံ၊ ထိုင်း နိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့တွင် အများအပြားပျံ့နှံ့နေထိုင်သည်။
နှစ်နိုင်ငံမှုခင်းများ ပူးပေါင်းတိုက်ဖျက်ရန် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ဝိချိန်း ဖို့ဒ်ဖိုးဆီ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ကျော်ကျော်ထွန်းတို့ ယခုလအတွင်း နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ခဲ့ကြသည်။