ဦးသိန်းစိန်အစိုးရ၏ငြိမ်းချမ်းရေးကမ်းလှမ်းချက် သည်ရေရှည်အာဏာချုပ်ကိုင်ထားရေးအတွက်သာ ဖြစ်သ ဖြင့်နားမယောင်သင့်သေးဟုတိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန်သုံးသပ်ကြသည်။
“သမ္မတသစ်ဦးသိန်းစိန်က သူ့အလုပ် သူလုပ်ပြနေတာပါ။ ဒုသမ္မတ တင်အောင်မြင့်ဦးက မီးစကိုင်တဲ့သူ၊ သမ္မတ သိန်းစိန်က ရေမှုတ်ကိုင်ထားတဲ့သူ နဲ့တူတယ်။ အမှန်တော့ နှစ်ဦးလုံးရည်ရွယ်ချက်က အတူတူဘဲ။ သူများကို စားဖို့ ကျားကွက်လှည့်တာဘဲ။ ဦးသိန်းစိန် ချော့တိုင်းမပျော့ဖို့၊ ဦးတင်အောင်မြင့်ဦးခြောက်တိုင်း မကြောက်ဖို့အရေးကြီး တယ်” ဟု UNFC ဒု အတွင်းအရေးမှူး ၁ လည်းဖြစ်ပအိုဝ်းအမျိုးသားခေါင်းဆောင် လည်းဖြစ်သည့် ဥပဒေပညာရှင် ဗိုလ်မှူးခွန်ဥက္ကာက ပြောသည်။
၂၀၁၁ သြဂုတ်လ ၁၈ ရက် ကြေညာချက်အမှတ် ၁/၂၀၁၁ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြည် ထောင်စု အစိုးရအဖွဲ့ က အချက် ၃ ချက်ပါ ကြေငြာချက်ထုတ်ပြန်ခဲ့၏။
ထိုကြေငြာချက်တွင် ၁။ ဒို့တာဝန်အရေး ၃ ပါး ထိန်းသိမ်း၍ နိုင်ငံတော်အစိုးရမှငြိမ်းချမ်းရေးဆွေးနွေးရန်အထူး လိုအပ်။ ၂။ ငြိမ်းချမ်းရေးလုပ်လိုသည့် လက်နက်ကိုင် အဖွဲ့အစည်းများပဏာမ အဆင့်အဖြစ်သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသ ကြီး အစိုးရထံဆက်သွယ်နိုင်။ ၃။ ပဏာမ လုပ်ငန်းများ ဆောင်ရွက်ပြီးပါကအစိုးရ အနေဖြင့် ဆွေးနွေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် - ဟု ပါရှိပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ ဗိုလ်မှူးကြီးစိုင်းထူးက - “ဒီငြိမ်းချမ်းရေးကမ်းလှမ်းချက်ကစေတနာသန့်သန့်နဲ့ လုပ်မယ်ဆို ရင် ကျနော်တို့လဲ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့က စောင့်ကြည့်ရဦးမယ်ထင်တယ်။ ကျနော်တို့အနေနဲ့က ပြည် နယ်အစိုးရအနေနဲ့သွားရင်ကြာမယ်၊ ကျနော်တို့ဖြစ်ချင်တာကတတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲပြီး UNFC နဲ့ ဆွေးနွေးရင်ပိုအဆင်ပြေမယ်ထင်တယ်။တကယ်ဆွေးနွေး ချင်တယ်ဆိုရင် အစိုးရအနေနဲ့နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကိုလွှတ်ပေးရမယ်၊ကျနော်တို့ သျှမ်းခေါင်း ဆောင်တွေကိုလဲ လွှတ်ပေးပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်သင့် တာပေါ့” - ဟု ပြော၏။
ထို့အတူ RCSS/SSA သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က - “ဦးသိန်းစိန်လုပ် ရပ်က လူကြီး က ကလေးလေးကို ခေါင်းသပ်ချော့မော့၊ မုန့်ပြပြီးလှည့်ဖျားနေတဲ့အတိုင်း။ အဲထက်ပိုပြီးကျနော် မပြောလိုဘူး” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။
မြန်မာအစိုးရသစ်သည် တဘက်တွင် ငြိမ်းချမ်းရေးကမ်းလှမ်းနေသကဲ့သို့၊ တခြားတဘက်တွင်လည်း - ၎င်းတို့ပိုင် (အစိုးရ သတင်းစာ) ၌ ကချင်တပ်ဖွဲ့များ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များအား-လူထုထောက်ခံ သည့်အဖွဲ့အစည်းမဟုတ်၊ လူထံ ဆပ်ကြေးကောက်၊ ဓါးပြတိုက်၊ လုယက်၊ လမ်း- တံတားဖျက်ဆီး၊ရပ်ရွာများ အားမီးရှို့ဖျက်ဆီးနေသည့် သောင်းကျန်းသူ အဖျက်သမားများဟု အစဉ်အမြဲဖေါ်ပြလျက်ရှိသည်။