မြန်မာတပ်သား ရ ဦး ကျားကိုက်ခံရ

မြန်မာတပ်သား ရ ဦး ကျားကိုက်ခံရ
by -
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း မိုင်းကောင်မြို့နယ်ခွဲ နမ့်လောင်း ကျေးရွာအုပ်စုရှိသျှမ်းပြည် တိုးတက်ရေး ပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဆုတ်ခွာ ပေးလိုက်ရသော နမ့်လောင်းတပ်စခန်း၌ နေရာယူ ထားသည့် မြန်မာစစ်တပ် တပ်သား ရ ဦး ကျားကိုက်ခံရ ကြောင်း သိရှိရပါသည်။

“သူတို့တပ်နားမှာ ကျားဟိန်းသံကြားရတော့ ကင်းစောင့်နေတဲ့ စစ်သားတွေက လိုက်ပစ်တယ်။ဒါပေမဲ့ ကျည်ဆံ က မီးမပွင့်ဘူး တဲ့။ ကျားက လိုက်ပစ်တဲ့ စစ်သားတွေကို မကိုက်ဘဲ တပ်ထဲမှာအိပ်နေတဲ့သူတွေ ကိုသွားကိုက် တယ်။ ခေါင်း၊ ပခုံး၊ မျက်နှာ တွေမှာကိုက်တာ သေသွားတဲ့ စစ်သားတွေခေါင်းပြတ်လုနီးပါး ဘဲတဲ့” ဟုမန္တလေး ရောက် တန့်ယန်းတက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောပါသည်။

ဂျူလိုင် ၂၄ ရက် ည ၈းဝဝ နာရီခန့် နမ့်လောင်းကျေးရွာ မြောက်ဘက်ရှိ နမ့်လောင်းတပ်စခန်း၌ နေရာယူ ထားသော ခလရ ၃၃ အတွင်း ကျားဝင်ရောက်လာကြောင်း၊  အိပ်နေသော တပ်သား ရ ဦး အကိုက်ခံရရာ ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသခံယူနေကြောင်း၎င်းကဆက်လက် ပြောပါသည်။

နမ့်လောင်းတပ်စခန်းနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော်မှ အရာရှိတစ်ဦးက ဤကဲ့သို့ ပြောပြပါသည်။

“ကျနော်တို့ရဲ့ နမ့်လောင်းစခန်းမှာ သံလွင်အရှေ့ခြမ်း ဝမ့်ဆိုင်ကနေ ပင့်ဆောင်လာတဲ့ စဝ်စုမ်လှိုင်းနဲ့ စဝ်ဆိုင်မိဏ်း တို့အတွက် နတ်စင်ဆောက်ပြီး ကိုးကွယ်ထားတယ်။ ပြည်စောင့်နတ်ပေါ့။ နှစ်တိုင်း နတ်တွေကို ပူဇော်ပသပြီး ဒီနှစ်စပါးအထွက်ကောင်းမှာ လား၊ စစ်ဖြစ်မှာလားဆိုပြီး တိုင်တည်ကြတယ်။”

လွန်ခဲ့သည့် ဧပြီလဆန်းပိုင်း၌လည်း နမ့်လောင်းကျေးရွာ တောင်ဘက်ရှိ ကောင်းနောင်ဟိုင့်တပ်စခန်းထဲသို့ ရ တောင်ရှည် ကျားကြီး ၂ ကောင် ဝင်ရောက်သဖြင့် စစ်သား ၄ ယောက် ကျားကိုက်ခံရကာ တပ်ခွဲမှူးနှင့် တပ်သား တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရပြီး ကျန်တပ်သား ၂ ယောက်မှာ သေဆုံးသွားခဲ့သည်။

သျှမ်းထုံးစံအရ ကျားသည် နတ်ကွန်းစောင့်၊ ရွာစောင့်၊ မြို့စောင့်၊ ပြည်စောင့်နတ်တ်ို့၏ အခြံအရံတွင် ပါဝင်သည်။

Most read this week