မြန်မာစစ်ဗိုလ်တစ်ဦးအား သျှမ်းစစ်သားထပ်မံ ပစ်သတ်သေနတ်လုပြေး

မြန်မာစစ်ဗိုလ်တစ်ဦးအား သျှမ်းစစ်သားထပ်မံ ပစ်သတ်သေနတ်လုပြေး
by -
သျှမ်းသံတော်ဆင့်

မြို့တွင်း သတင်းထောက်လှမ်းသည့် သျှမ်းပြည် တပ်မတော်သားနှစ်ဦး မြန်မာစစ်ဗိုလ်တဦးအား သီပေါမြို့နယ်အတွင်းပစ်သတ်လိုက် ကြောင်း ဒေသခံ သတင်းရပ်ကွက်မှသိရပါသည်။

Sai_AIk_La
“အရပ်ဝတ် သျှမ်းစစ်သားနှစ်ဦးကို ဗမာစစ်ဗိုလ်က ခေါ်ယူစစ်ဆေးတယ်။ အဲဒီဗမာစစ်ဗိုလ်နားရောက်တော့ ပစ္စတို သေနတ်ရုတ်တရက်ထုတ်ပြီး ပစ်သတ်လိုက်တယ်ပြောတယ်။ သူတို့နှစ်ယောက်သတင်းကို ဗမာစစ် သားတွေက နားယန်း နဲ့ နားမခေါ် ရွာသားတွေကို လိုက်မေးနေတယ်။ သျှမ်းသူပုန်အမာခံတွေ ရအောင် ဖေါ်ထုတ်ပြီး အကုန်ပစ်သတ်ရမယ်တဲ့” - ဟု သီပေါသား တဦးက ပြောပါသည်။

ဂျူလိုင် ၁၆ ရက် စနေနေ့ က သျှမ်းပြည်တပ်မတော်သား ဗိုလ်စိုင်းမောင်အွန် နှင့် နောက်လိုက် ဒုဗိုလ်တဦး  သတင်းထောက်လှမ်းရန် အရပ်ဝတ်ဖြင့် သီပေါမြို့နယ် နားမခေါ် - နားယန်းဘက်သို့ သွားရောက်ခဲ့ ကြောင်း၊ ထိုစဉ် မမျှော်လင့်ဘဲ ပက်ပင်းတိုးမိသော ဗမာစစ်ကြောင်းတကြောင်းမှ အရာရှိတဦး က ၎င်းတို့နှစ်အားလှမ်း ခေါ် ကာ စစ်ဆေးမည်အပြု ဗိုလ်စိုင်းမောင်အွန်က ၎င်းဖွက်ယူ သွားသည့် ပစ္စတိုဖြင့်  မြန်မာစစ်ဗိုလ်အား ပစ်သတ်လိုက် ကြောင်း၊ သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကလည်း ပြောသည်။

“ဟုတ်တယ်ကျနော်တို့  တပ်ရင်း ၁၃၇ က ဗိုလ်စိုင်းမောင်အွန်နဲ့ ဒုဗိုလ်တဦး။ သူတို့ကသတင်းထောက်လှမ်း တဲ့ သူတွေလေ။ မြို့ပေါ်တက်ဖို့လုပ်နေချိန် အဲဒီခလရ ၁၄၇ နဲ့တွေ့တာ။ ဗမာစစ်ဗိုလ်တယောက် ပစ်သတ် ပြီး MA ပစ္စတို တစ်လက် ကျည် ၁၇ ဒေါင့် ရလာတယ်။ ဗမာတပ်တွေက သူတို့နှစ်ယောက်ကို လိုက်ပစ်သေးတယ်။ မထိဘူး။ သူတို့နှစ်ယောက်လုံး လွတ်မြောက်လာတယ်” - ဟု ဗိုလ်မှူး စိုင်းလှ ကပြောပါသည်။

ပြီးခဲ့သည့် ဂျွန် ၂၅ ရက် ကလည်းသတင်းအချက်အလက်ထောက်လှမ်းစုံစမ်းခြင်း တာဝန်ယူသော သျှမ်းပြည် တပ်မတော် ရဲဘော် စိုင်းအိုက်လက မြန်မာစစ်တပ်အရာရှိတဦးအား မိုင်းနောင်မြို့အထွက်တောင်ဘက်၌ လုပ်ကြံသတ်ဖြတ် ၍ အဆိုပါအရာရှိ၏  ကျည် ၁၂ တောင့်ကျန် 9 mm ပစ္စတို တစ်လက် ယူဆောင်ထွက်ပြေး လွတ်မြောက်ခဲ့ ပါ သေးသည်။