ဝမ့်ဟိုင်းဌာနချုပ်မြောက်ဖက် မြန်မာရှေ့တန်း ခံတပ်စခန်းအား SSPP/ SSA တိုက်ခိုက်စီးနင်း မီးရှို့

ဝမ့်ဟိုင်းဌာနချုပ်မြောက်ဖက် မြန်မာရှေ့တန်း ခံတပ်စခန်းအား SSPP/ SSA တိုက်ခိုက်စီးနင်း မီးရှို့
by -
သျှမ်းသံတော်ဆင့်

ဝမ့်ဟိုင်းဌာနချုပ်မြောက်ဖက် မြန်မာစစ်တပ်၏ ရှေ့တန်းခံတပ်စခန်းတခုဖြစ်သော နမ့်ပုတ်ဂိတ် အား သျှမ်းပြည် တပ်မ တော် SSPP/ SSA က ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ပြီး မီးတင်ရှို့ခဲ့ကြောင်း ဝမ့်ဟိုင်းမှလာ သောသတင်းအရ သိရသည်။

နမ့်ပုတ်ဂိတ်သည် ကျေးသီးမြို့ အရှေ့မြောက်ဖက် ၁၂ မိုင်ခန့်အကွာ၊ မိုင်းရယ်တောင်ဖက် မိုင် ၂၀ ခန့်အကွာ ၊ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ် အနောက်မြောက် ဖက် ၁၅ မိုင်ခန့်အကွာ၊ တာ့ဖာဆောင် သျှမ်းတပ် စခန်းအရှေ့ဖက် ၆ မိုင်အကွာတွင်ရှိသည်။
Num-Pook

“ နမ့်ပုတ်းတိုက်ပွဲက ၁၀ ရက်နေ့ ညနေပိုင်းကတည်းက စတာ။ မြန်မာစစ်တပ် ခမရ ၂၈၇ က ကျနော်တို့တပ် စခန်းကို စ တိုက်တာ။ သူတို့ဖက်က ၅ ယောက်သေတယ်။ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ ဌာနချုပ်ရဲ့ လုံခြုံရေးတပ် လွယ်ကုန်  ၊ လွယ်ကျိုင်းကို လက်နက်ကြီးတွေပစ်ချတော့တာ။ ဒီလွယ်ကုန် လွယ်ကျိုင်းတပ်က နမ့်ပုတ်ဂိတ်ရဲ့ အနောက်ဖက် ၂ မိုင် လောက် အကွာမှာရှိတယ်။ ကျနော်တို့ ဌာနချုပ်ရဲ့ လုံခြုံရေးတပ်ပေါ့” ဟု ဝမ့်ဟိုင်းမှ အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

လွယ်ကုန် လွယ်ကျိုင်းတပ်ရှိ တပ်မဟာ ၂၇ က အားဖြည့်ပြီး ၁၂ ရက် နံနက်စောစော၌ မြန်မာစစ်တပ်၏ နောက်ကျော မှ ထိုးဖောက် တိုက်ခိုက်သောကြောင့် မြန်မာစစ်တပ်ကွဲပြီး ကစဉ့်ကလျား ထွက်ပြေးခဲ့ကြသည်ဟု လည်း အဆိုပါ အရာရှိက ရှင်းပြခဲ့သည်။

“သူတို့တွေ အုပ်စုကွဲပြီး တယောက်တလမ်းထွက်ပြေးကြတယ်။ အသေအပျောက်လဲရှိတယ်။ ဒါပေမယ့် စုံစမ်းလို့ မရနိုင် သေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတဖက်က ကွင်းပြင်ကြီးဆိုတော့ တိုက်ပွဲပြီးတာနဲ့ ကျနော်တို့လဲ နမ့်ပုတ်ဂိတ် ကို ဝင်စီးတယ်။ သူတို့တပ်စခန်းကို မီးရှို့ပစ်လိုက်တယ်။ ခုအချိန်အထိ သူတို့ဖက်ကလဲ အသေ အပျောက်တွေ  လာမ ကောက်သေးဘူး” ဟု ဆို၏။

အလားတူ ၁၂ ရက် ညနေ ၅ နာရီကနမ့်ပုတ်တိုက်ပွဲအနောက်ဖက် သျှမ်းပြည်တပ်မတော်၏နမ့်ကိုင်ဖိတ် စခန်းကို လည်း မြန်မာစစ်တပ်က လက်နက်ကြီးများ ပစ်ချခဲ့သေးသည်ဟုလည်း SSPP/SSA မှအရာရှိတဦး ကပြောသည်။

ယခုတိုက်ပွဲမှာ မြန်မာစစ်တပ်၏ ခမရ ၁၃၁ ၊  မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ ၊ ဝမ့်စင်းအခြေစိုက် ခလရ ၂၈၇ တို့ ပူးပေါင်းအင်အား ၂၀၀ ကျော်ရှိကြောင်း၊ သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ လာက်အောက်ခံ ဗိုလ်စိုင်းဇင့် ဦးဆောင် သည့် တပ်ရင်း ၁၈၇ နှင့်အတူ ပူးပေါင်း တပ်ရင်း ၃ ရင်း အင်အား၂၀၀ ကျော်တို့ ကစစ်ဆင်တိုက်ခိုက် ခဲ့ကြခြင်းဖြစ်သည်။ နှစ်ဘက်အသေပျောက်စာရင်းအတိအကျ မသိရှိရသေးပေ။

၁၂ ရက်နေ့ နေ့လည်ပိုင်းတွင်လည်းဖျားနာသူ ဗိုလ်ကြီးအဆင့်မြန်မာစစ်တပ်အရာရှိတဦးအား သံလွင်မြစ် တာ့ဝန်း ကျိုင်း ကူး တို့ဆိပ်မှ မိုင်းရှူးဆေးရုံသို့ပို့ဆောင်ကုသရန် သယ်ဆောင်လာသော တပ်ဖွဲ့အားမိုင်းရှူး မြောက်ဖက် နမ့်င ချောင်းအနီး သျှမ်းပြည်တပ်မတော်၏ မိုင်းတိုက်ပွဲနှင့်တိုးမိသဖြင့်သေကြေဒဏ်ရာ ရမှုများရှိခဲ့သေးသည်။

Most read this week